ဘားအံမှာ ကရင်ပြည်နယ်နေ့ ကျင်းပဖို့ဆိုပြီး ငွေကောက်ခံနေတယ်လို့ ဒေသခံတွေ ပြော

RFA Burmese
2023.10.18
ဘားအံမှာ ကရင်ပြည်နယ်နေ့ ကျင်းပဖို့ဆိုပြီး ငွေကောက်ခံနေတယ်လို့ ဒေသခံတွေ ပြော ကရင်ပြည်နယ် ဘားအံမြို့ အဝေးပြေးလမ်း တစ်နေရာအား ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်။
Photo: RFA

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က ရပ်ကွက်တွေမှာ နိုဝင်ဘာလ ၇ ရက်မှာ ကျရောက်မယ့် (၆၈) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ကျင်းပဖို့ဆိုပြီး စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့တွေက တစ်အိမ်ထောင်ကို ငွေကျပ်နှစ်ထောင်နဲ့ ဆိုင်တွေဆိုရင် အကြီးအသေးပေါ် မူတည်ပြီး ကျပ်သုံးသောင်းကနေ ကျပ်သိန်းဂဏန်းထိ ကောက်ခံနေတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေက အိမ်တွေနဲ့ ဆိုင်တွေဆီကနေ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လဆန်းပိုင်းကစပြီး ငွေကြေးကောက်ခံနေကြတာလို့ ဆိုပါတယ်။

NLD အစိုးရလက်ထက်က ဒီလိုပွဲလမ်းသဘင်တွေအတွက် ငွေကောက်တာ မရှိဘဲ စစ်တပ်အာဏာသိမ်းပြီးမှ ကောက်ခံနေကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘားအံမြို့ (၅) ရပ်ကွက်နေ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တစ်အိမ်ထောင်ကို သတ်မှတ်ထားတာက နှစ်ထောင်တဲ့ ပိုထည့်လို့ရတယ်တဲ့။ ပိုမထည့်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဆိုင်သေးတွေဆိုရင် သုံးသောင်း၊ ဖုန်းဆိုင်တို့၊ အိမ်ဆောက်ပစ္စည်းတွေလို ဆိုင်ကြီးတွေကတော့ လေးငါးသိန်းကစပြီး တောင်းတယ်။ ရပ်ကွက်အကုန် ကောက်တာ။ ဒီမှာက အိမ်ခြေနည်းတဲ့ အိမ်ခြေမဟုတ်ဘူး။ ပွဲတစ်ပွဲလုပ်ရင် အခုလိုကောက်တော့ ပိုက်ဆံအများကြီးပဲ သူတို့တွေ စားတာပေါ့နော်။ ပွဲလမ်းရှိတိုင်း ကောက်တယ်။ အရင်က မရှိဘူး။ အာဏာသိမ်းပြီးနောက်မှပဲ ကောက်နေကြတာ”

ပွဲလမ်းသဘင်ပွဲတွေအတွက် ငွေကြေးကောက်ခံမှုအပြင် ဧည့်စာရင်းတိုင်တာနဲ့ ရပ်ကွက် ထောက်ခံစာအတွက် စာရွက်စာတမ်းကြေးဆိုပြီး ကျပ်နှစ်ထောင်၊ ကျပ်သုံးထောင် ကောက်ခံနေတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘားအံမြို့ခံ နောက်တစ်ဦးကလည်း ငွေကြေး ကောက်တာ မှန်ကန်ပြီး အခုဟာ အရင်ကြုံခဲ့ရတဲ့ စစ်အစိုးရလက်ထက်ကထက် ပိုဆိုးနေတယ်လို့ RFA ကို ပြောပါတယ်။

“အခုက ရပ်ကွက်တိုင်း ကောက်နေတယ်။ အခုက ဘယ်လိုဖြစ်လဲဆိုတော့ အပေါ်က ချလိုက်တယ် တစ်ရပ်ကွက်ကို ၄၅ သိန်းပဲ ကောက်ဆိုပြီး ရပ်ကွက်ကကောက်တော့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ပိုကောက်တယ်။ အရင်က သန်းရွှေ ခေတ်ကဆိုရင် မုဆိုးမအိမ် မကောက်နဲ့ ဘာညာ အဲလိုရှိခဲ့သေးတယ်။ အခုက လုံးဝမရှိဘူး”

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနဲ့ သန်းခေါင်စာရင်းအရ ဘားအံမြို့နယ်မှာ ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၉၁ စုရှိပြီး အိမ်ထောင်စု ၈၉၁၉၇ စုရှိနေတာပါ။

လက်ရှိ ကရင်ပြည်နယ်နေ့ ကျင်းပဖို့အတွက် စစ်ကောင်စီက ကောက်ခံနေတဲ့ တစ်အိမ်ထောင်ကျပ် နှစ်ထောင်နဲ့ တွက်မယ်ဆိုရင်တောင် သိန်း ၁၈၀၀ နီးပါး ရှိနေပါတယ်။

ဒီလိုငွေကောက်ခံနေတာနဲ့ ပတ်သက်ပြီး ပြည်နယ်အဆင့် ညွှန်ကြားမှု ရှိ၊ မရှိ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။