ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး KNU ပူးပေါင်းလုပ်ကိုင်မည်


2014.09.08
nyoohnmyint-305 မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်ကို တွေ့ရစဉ်
Photo: Nyo Ohn Myint (facebook)

ကရင်ပြည်နယ်အတွင်း  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် အစိုးရအဖွဲ့အစည်းတွေနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ ပူးပေါင်း လုပ်ကိုင်သွားဖို့ စီစဉ်နေကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အပစ် ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကရင်ပြည် နယ်မှာ ခရီးသွားလုပ်ငန်းတွေဆောင်ရွက်သွား ဖို့ ဆွေးနွေးကြတာဖြစ်တယ်လို့ ဒီနေ့ ဆွေးနွေးပွဲ မှာပါဝင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးညိုအုန်းမြင့်က ပြောပါတယ်။

"အဓိကဦးတည်ချက်ကတော့ အစိုးရအနေနဲ့ လုပ်ပေးနိုင်တဲ့ဟာတွေ၊ ခွင့်ပြုနိုင်တဲ့ ဟာတွေ နောက်တစ်ခါ အပစ်အခက်ရပ်စဲထားတဲ့အဖွဲ့တွေက နောက်ပိုင်းမှာ စီးပွားရေးဆောင်ရွက် တဲ့အခါမှာ၊ ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကို အဓိက မျှဝေတာဖြစ် ပါတယ်ခင်ဗျ၊ ဒီလိုလာပြီးတော့ ဒီစီးပွားရေးကုမ္မဏီတွေကနေပြီးတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း အတွက် လာပြီးတော့ လုပ်ကြသေးတဲ့အဆင့်အထိ မရောက်ကြသေးပါဘူး၊ ဒီနေရာတွေမှာ ပြည်တွင်း စစ်ရဲ့အနေအထား၊ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းတဲ့ဟာ ဘယ်လောက်ရှိနေလဲ၊ ဘယ်လိုဖြစ်နိုင်တယ် ဆိုတာလည်း နိုင်ငံတကာမှာလာကြတဲ့ ရင်းနှီးမြှပ်နှံမယ့်လူတွေ၊ နောက်တစ်ခါ နိုင်ငံတကာကနေ ကူညီကြတဲ့ NGO အဖွဲ့အစည်းတွေအတွက်လည်း သိသင့််သိထိုက်တဲ့အတွက် မြန်မာငြိမ်းချမ်းရေး စင်တာကတော့ ဒီငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေကို ရှင်းပြပြီးဖြစ်ပါတယ်"

ကရင်ပြည်နယ်က ဘားအံ ၊ သံတောင်ကြီးမြို့နဲ့ ဇွဲကပင်တောင်တွေဟာ ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားမှု ရှိတဲ့နေရာတွေဖြစ်ပါတယ်။

ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်နိုင်ဖို့အတွက် ပြည်နယ်အတွင်း ဆွဲဆောင်မှုရှိမယ့် နေရာဒေသတွေ ကို အများသိအောင် ဖေါ်ထုတ်သင့်တယ်လ့ို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။