ကရင်ပြည်နယ်မှာ လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ
2016.09.22

၂၁ ရာစု ပင်လုံညီလာခံမှာ လူငယ်တွေ အထောက်အကူပြုတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပနေပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ လူငယ်တွေ ပါဝင်မူ အခန်းကဏ္ဍကို ဆွေးနွေးဖော်ထုတ်ဖို့ ဦးတည်ချက်နဲ့ ကျင်းပတာဖြစ် တယ်လို့ လူငယ်နဲ့ ငြိမ်းချမ်းရေး ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ စောစိန်ထွေးက ပြောပါတယ်။
"အဓိက ရည်ရွယ်ချက် သုံးခုကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဖော် ထုတ်ဆွေးနွေးဖို့ပေါ့၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်တဲ့ နောက်နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွေမှာ လူငယ်တွေ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ကြမလဲ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုနားလည်ထားလဲဆိုတဲ့ အချက်တွေကို ဖော်ထုတ်ဆွေးနွေးဖို့ ဖြစ်ပါတယ်"
ဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ဆွေးနွေးပွဲ ပထမနေ့မှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က တက်ရောက်အမှာစကား ပြောခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့က ဦးလှမောင်ရွှေတို့ တက်ရောက်ရှင်းလင်းခဲ့ပါတယ်။
မကြာမီကာလအတွင်း တိုင်းနဲ့ ပြည်နယ်တွေမှာ ကျင်းပဖို့ရှိနေတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လူငယ်တွေ ချိတ်ဆက်ပါဝင်နိုင်ဖို့ တွန်းအားပေးတဲ့ အစီအစဉ်တွေပါဝင်ပြီး နိုင်ငံတဝှမ်းက လူငယ်ကိုယ်စားလှယ် ၃ဝဝ နီးပါး တက်ရောက်ဆွေးနွေးကြတယ်လို့ စောစိန်ထွေး ကပြောပါတယ်။
ဒီဖိုရမ်ကို ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်နဲ့ ရန်ကုန်အခြေစိုက် လူငယ်အဖွဲ့အစည်းတွေက ပူးပေါင်းပြီး ကရင်ပြည်နယ်မှာ ပထဆုံးအကြိမ် ပြုလုပ်တာဖြစ်ပါတယ်။