ဝေါလေဒေသတိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ခန့် နယ်စပ်ကို ထွက်ပြေး
2022.07.01

Photo: Friends Without Borders Foundation
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဝေါလေဒေသက စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ ဥကရစ်ထစခန်းမှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေ ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက် ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲ တွေ ပြင်းထန်နေတာကြောင့် ရွှေအေးမြိုင်၊ ဝါးမိထ စတဲ့ကျေးရွာတွေက ဒေသခံ တစ်ထောင်ခန့် နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်သလို နေထိုင်နေကြရသလို အချို့ကလည်း ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထိုင်းဘက် လူတစ်ထောင်ပြေးရတာ မဟုတ်ဘူး။ စုစုပေါင်း နေရပ်စွန့်ခွာရတာ တစ်ထောင်ပဲရှိတာ။ ဝေါလေ၊ ဥကရစ်ထ၊ ရွှေအေးမြိုင်၊ ဝါးမိထ အဲ့ရွာတွေဘက်က။ အချို့က ကမ်းစပ်မှာနေတယ်။ အချို့က ထိုင်းဘက် ပြေးတယ်၊ တကွဲတပြားဖြစ်ကုန်တယ်။ လူဘယ်လောက်က ထိုင်း၊ ဘယ်လောက်က မြန်မာဘက်ဆိုတာ စာရင်းမရသေး။ နေရာလည်းစုံ လေယာဉ်ပျံလည်း ပစ်နေတော့ ပြောမရသေးဘူး။ လေယာဉ်ပျံ တစ်မနက်လုံး လာပစ်နေတာ အခုထိပဲ”
ဝေါလေဒေသမှာ ဇူလိုင်လ ၁ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲတွေအတွင်း ဇွန်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်က ၄၀ ကျော်သေဆုံးပြီး KNU ပူးပေါင်းတပ်တွေ ဘက်က ၁၃ ဦးသေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောဆိုပေမယ့် ဒီအရေအတွက်နဲ့ ပတ်သက် လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။