ဖာပွန်ကအမျိုးသမီး ပစ်သတ်ခံရမှု စုံစမ်းဖော်ထုတ်ဖို့ KNU တောင်းဆို၊ အရေးယူမယ်လို့ တပ်မတော်ပြော
2020.07.20
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပိုလိုးထာကျေးရွာက ဒေသခံ ရွာသူအမျိုးသမီးတစ်ဦးကို တပ်မတော်သားနှစ်ဦးက သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ KNU က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီကို တိုင်ကြားထားပါတယ်။ KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန်ဦးဆောင်တဲ့ KNU Concerned Group အဖွဲ့ကလည်း ပိုလိုးထာရွာက ဒေသခံအမျိုးသမီးသေဆုံးမှုကို နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ AI နဲ့ လူ့အခွင့်ရေးစောင့်ကြည်ရေးအဖွဲ့ HRW အဖွဲ့တွေက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆို လိုက်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ KNU ထိန်းချုပ်ရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပိုလိုးထာကျေးရွာမှာ အသက် ၄၀ အရွယ် နော်မုနော်ကို ဇူလိုင်လ ၁၆ ရက်နေ့မှာ တပ်မတော်သား နှစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။
တပ်မတော်အနေနဲ့ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်သွားဖို့အတွက် နိုင်ငံတကာ အဖွဲ့တွေအနေနဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ KNU ဒုတိယ ဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group အဖွဲ့က ဒီနေ့တောင်းဆိုလိုက်ပါတယ်။
အပြစ်မရှိဘဲ အရပ်သားတွေ သတ်ခံရတာတွေ ရပ်တန့်ဖို့ AI နဲ့ HRWအဖွဲ့တွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတာလို့ KNU Concerned group အဖွဲ့ပြောရေးဆိုခွင့်ရှိသူ နော်စီဖိုးရာစိန်က ပြောပါတယ်။
“ဘာမှအပြစ်မရှိဘဲ အကြောင်းမဲ့ ပစ်သွားတဲ့အပေါ်မှာ ကျမတို့ ဒါကိုတရားမျှတမှု ဖော်ဆောင်နိုင်ဖို့အတွက် Amnesty International (AI)နဲ့ human right Watch (HRW) တို့က စစ်ဆေးဖို့လိုနေတယ်၊ ကျမတို့က ဒါကို တောင်းဆိုတာပါ၊ စုံစမ်းစစ်ဆေးရေးလုပ်မှပဲ ဒီလို့လုပ်ရပ်တွေကို ရပ်တန့်နိုင်မှာဖြစ်ပါတယ်။”
မြန်မာတပ်မတော်ရဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေဟာ ကရင်ပြည်နယ်မှာတင်မကဘဲ အခြားတိုင်းရင်းသား ဒေသတွေမှာလည်းရှိပြီး ပြည်တွင်းတရားစီရင်ရေးစနစ်နဲ့ ထိရောက်တဲ့ အရေးယူမှုတွေ၊ တားဆီးဟန့်တားတာတွေ မလုပ်နိုင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကရင်အမျိုးသားတွေကို အကာအကွယ်ပေးနေတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ကရင်နိုင်ငံရေး ပါတီတွေ၊ ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ ကရင်ပြည်သူတွေအားလုံးက အမှန်တရား ဖော်ဆောင်နိုင်ရေးနဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့ အဘက်ဘက်ကနေ ဝိုင်းဝန်း ဖိအားပေးဖို့လည်း KNU Concerned Group က တိုက်တွန်းထားပါတယ်။
KNU Concerned Group ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင်ဟောင်းတွေ၊ အဖွဲ့ဝင်ဟောင်း တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဖြစ်စဉ်ကို သုံးသပ်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
KNU - တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး အဲဒိုကတော့ ဒီလိုအပစ်မဲ့အရပ်သားကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အပေါ် အရေးယူပေးဖို့ ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကို တိုင်ကြားထားတယ်လို့ ပြောပါတယ်။
"လှဂွန်းပျိုစခန်းကထွက်တဲ့ ရဲဘော်နှစ်ယောက် ပိုလိုးထာရွာကို ရောက်တယ်၊ ရောက်ပြီးတော့ နော်မုနော်ကို ပစ်သတ်သွားတယ်၊ အဲဒါက NCA ကို ချိုးဖောက်တာပေါ့၊ NCA အခန်း ၃ မှာ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ပေးရမယ့်အစား သူတို့က ပြည်သူလူထုကို စော်ကားပြီးတော့ ပစ်သတ်သွားတာ အဲတာကို ကျနော်တို့က ကန့်ကွက်တာပေါ့နော်၊ တိုင်ကြားထားတာ၊ သူတို့ဘက်က အရေးယူပေးဖို့ပေါ့နော်။"
လှဂွန်းပျိုကျေးရွာအခြေစိုက် အမှတ်(၈) စစ်ကွပ်ကဲရေးဌာနချုပ်(စကခ) လက်အောက်ခံ၊ ခြေလျင်တပ်ရင်း (ခလရ-၄၀၉) က တပ်သားနှစ်ဦးဖြစ်တဲ့ မောင်သန်းမိုးလွင်နဲ့ မောင်အေးမင်းသူ တို့နှစ်ဦးဟာ ပိုလိုးထာရွာကို ရောက်လာပြီး နော်မုနော်ကို နေအိမ်မှာပဲ အကြောင်းမဲ့ ပစ်သတ်ပြီး လက်ဝတ်ရတနာတွေကို ယူဆောင်သွားတယ်လို့ တိုင်ကြားစာမှာ ပြောထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပိုလိုးထာရွာဟာ ဖုန်းလိုင်း မမိတာကြောင့် မေးမြန်းလို့ မရပါဘူး။
ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလအတွင်းမှာ အခုလိုလုပ်ရပ်တွေဟာ NCA စာချုပ်ပါ သဘောတူညီချက်တွေကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပြီး ယုံကြည်မှုကို လျော့ကျစေတာကြောင့် ဒီလုပ်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်းနဲ့ စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားတာလို့ ဗိုလ်မှူး အဲဒိုက ပြောပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့ မနက်က တပ်မတော်သား နှစ်ဦး လက်နက်တွေနဲ့ ပိုလိုးထာကျေးရွာကို ရောက်လာပြီး နော်မုနော်ဆီမှာ ဆန်အိပ်ခွံတောင်းခံရာမှာ မပေးလို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဗိုလ်မှူး အဲဒိုက ပြောပါတယ်။
ဒီလို အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်တာဟာ NCA စာချုပ်ပါ အခန်း (၃)၊ အပိုဒ် (၉) မှာပါတဲ့ ပြည်သူတစ်ဦး ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့လုပ်ရပ်၊ အကြမ်းဖက်တာ၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ ပြန်ပေးဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လူသားမဆန်စွာ ပြုမှုဆက်ဆံတာ၊ အကျဉ်းချတာ၊ သတ်ဖြတ်တာနဲ့ ဖျောက်ဖျက်တာတွေ မလုပ်ရဆိုတာနဲ့ အပိုဒ်ခွဲ(ဃ)အရ ပြည်သူလူထုထံကနေ ငွေ၊ ပစ္စည်းဥစ္စာ၊ စားနပ်ရိက္ခာ၊ လုပ်အားနဲ့ ဝန်ဆောင်မှုတွေကို အဓမ္မတောင်းခံရယူတာ မလုပ်ရဆိုတာကို ချိုးဖောက်တာလို့ KNU က စွပ်စွဲထားပါတယ်။
JMC-U က တာဝန်ရှိသူ စောမတ်သယူးအေးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီသတင်းကို မရသေးဘူးလို့ ပြောပါတယ်။
အရပ်သားတွေကို သတ်ဖြတ်တာဟာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုက်ကို ချိုးဖောက်ရာရောက်သလို အပစ်ရပ်စဲရေးလမ်းကြောင်းကို ထိခိုက်နိုင်တာကြောင့် စိုးရိမ်မိတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာ အဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။
"ဒီလိုမျိုး လုပ်ဆောင်ခြင်းဟာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်ရာရောက်သလို ဒီလိုမျိုးလုပ်ဆောင်မှုတွေကြောင့်မိုလို့ အပစ်ခတ်ရပ်စဲရေးသွားနေတဲ့လမ်းကြောင်းကိုလည်း ထိခိုက်နိုင်တယ်၊ အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုသလိုပဲ အကြောင်းအရာတစ်ခုဖြစ်ပေမယ့် ဒေသခံပြည်သူတွေကြားထဲမှာ လုံခြုံမှုမရှိတဲ့အတွက်ကြောင့်မလို့ သွားနေတဲ့ငြိမ်းချမ်းရေးကို သွားဖို့အတွက် အများကြီးစိုးရိမ်မိပါတယ်။"
အပစ်ခတ်ရပ်စဲထားတဲ့ကာလမှာ နှစ်ဘက်တပ်တွေက အရပ်သားတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ မရှိအောင် စောင့်ကြည်ရေးအဖွဲ့တွေရှိသလို့ ကျူးလွန်ရင်လည်း အရေးယူဖို့လိုအပ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု အဖွဲ့က ဦးမြအေးကတော့ ဒါဟာ လုံးဝမဖြစ်သင့်ဘဲ တပ်မတော်အနေနဲ့ အရေးယူဖို့လိုပြီး အရေးယူမယ်လို့လည်း မျှော်လင့်ကြောင်း ပြောပါတယ်။
"ဒါက လုံးဝမဖြစ်သင့်တဲ့ကိစ္စပဲလေ၊ တစ်ခုတော့ရှိတာပေါ့လေ။ အောက်ခြေတပ်သားတွေက စည်းမဲ့ကမ်းမဲ့ ကျင်းသုံးမှုလည်း ဖြစ်နိုင်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သွားသက်ရောက်တာက လက်ရှိ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့အပေါ်မှာကော့၊ JM ရဲ့ ဆွေးနွေးမှုတွေမှာရော သက်ရောက်မှုတွေဖြစ်သွားနိုင်တယ်၊ အဲဒါကြောင့် မို့လို့ ကျနော်မြင်တာကတော့ တပ်မတော်ဘက်ကနေ တပ်မတော် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူဖို့လိုမယ်လို့ မြင်ပါတယ်၊ အရေးလည်းယူမယ်လို့ မျှော်လင့်ပါတယ်။"
ဒီကိစ္စနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုးထာကျေးရွာမှာ ဇူလိုင်လ ၁၆ ရက်နေ့က အမျိုးသမီးတဦးကို ပစ္စည်းလုယက်ပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်မတော်သားနှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၂ဝ ရက်ညပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ပိုလိုးထာကျေးရွာနဲ့ နယ်မြေတဝိုက်က တပ်စခန်းတစ်ခုမှ တပ်သားအဆင့်ရှိ သန်းစိုးလွင်နဲ့ ဟိန်းမင်းထက်တို့ ၂ ဦးဟာ ဇူလိုင်လ ၁၆ ရက် နံနက်အစောပိုင်းမှာ စခန်းက ခွင့်ပြုချက်မရဘဲ လက်နက်ငယ် ၂ လက်နဲ့အတူ ပိုလိုးထာကျေးရွာက အရက်ပုန်းဆိုင်မှာ အရက်သောက်ပြီး တပ်သား သန်းစိုးလွင်က အရက်ဆိုင်ရှင် အမျိုးသမီး ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို လုယက်စဉ်မှာ၊ တပ်သား သန်းစိုးလွင် ကိုင်ဆောင်တဲ့ သေနတ်က ကျည်ပေါက်ထွက်သွားလို့ ဆိုင်ရှင်အမျိုးသမီး သေဆုံးခဲ့ကြောင်း၊ စစ်သည် ၂ ဦး တောတွင်းထွက်ပြေးပုန်းရှောင်ရာက ဇူလိုင်လ ၁၇ ရက်နေ့မှာ စခန်းရှိရာ ပြန်လည်အဖမ်းခံခဲ့ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ တရားခံ စစ်သည် ၂ ဦးကို ဘီးလင်းတပ်နယ် စစ်ဘက်အချုပ်မှာ ချုပ်နှောင်ထားပြီး စစ်စည်းကမ်းအရ ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေး အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး၊ မှုခင်းဖြစ်စဉ်ကို သက်ဆိုင်ရာ အထက်ဌာနတွေထံ အချိန်နဲ့ တပြေးညီ သတင်းမပို့ခဲ့တဲ့ စခန်းတာဝန်ရှိသူတွေကိုလည်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူမယ်လို့ သိရပါတယ်။
ပစ်သတ်ခံရသူ နော်မူနော်ဟာ ပိုလိုးထာကျေးရွာသူကြီး စောပုအေးရဲ့ ဇနီးဖြစ်ပြီး အသက် (၁၈) နှစ်အရွယ် သမီးကြီး၊ အသက် (၁၅) နှစ်နဲ့ (၁၂) နှစ်အရွယ် သားနှစ်ဦးရှိတယ်လို့ သိရပါတယ်။
KNU တပ်မဟာ ၅ နယ်မြေမှာ တပ်မတော်နဲ့ KNU တို့ကြား နယ်မြေအငြင်းပွားတာ၊ လမ်းဖောက်တာတွေကြောင့် မကြာခဏဆိုသလို ပစ်ခတ်မှုတွေရှိပြီး ဒေသခံတွေလည်း ပစ်ခတ်ခံရပြီး သေဆုံးတာတွေ ရှိခဲ့ဖူးပါတယ်။