ကယားပြည်နယ်မှာ ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်
ကယားပြည်နယ်၊ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုမြို့နယ်ဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို အောက်တို ဘာလ ၄ ရက် မနေ့ညနေ ၅ နာရီခန့်မှာ ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့က တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။
စစ်ကား ၃၅ စီးပါတဲ့ယာဉ်တန်းကို ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်နဲ့ (၅) မိုင်ရွာကြားမှာ တိုက်ခိုက်ခဲ့တာလို့ KNDF က ဆိုပါတယ်။
မနေ့က နေ့လယ် ၁ နာရီမှာလည်း လွိုင်ကော် - ဒီးမော့ဆိုလမ်းမကြီးပေါ်က ဒေါပိုးစီရွာနားမှာ တစ်ကြိမ်နဲ့ ညနေ ၃ နာရီခွဲမှာလည်း ဒေါခလိုက်လင်းရွာနားမှာ တစ်ကြိမ် စစ်ကောင်စီရဲ့ ကင်းအဖွဲ့တပ်သားတွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ကားတစ်စီးပျက်စီးပြီး လေးဦး သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ပေမယ့် RFA အနေနဲ့ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီဘက်ကလည်း ကယားပြည်နယ်က မနေ့ကတိုက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီဟာ လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ထိုးစစ်ဆင်မှုတွေလုပ်နေသလို ဖရူဆို မြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်တွေဘက်ကို တပ်အင်အားနဲ့ လက်နက်၊ ရိက္ခာဖြည့်တင်း တာတွေလုပ်နေတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။