ပဏာမ ကရင်နီပြည်နယ်ညီလာခံ ဖရူဆို မှာ ကျင်းပ


2015.11.22
karenni-conference-620.jpg ကရင်နီပြည်နယ်ညီလာခံကို နိုဝင်ဘာလ ၂၂ ရက်နေ့က ကယားပြည်နယ်ဖရူဆိုမြို့နယ်ခန်းမဆောင်မှာ ကျင်းပနေစဉ်
Photo: Nay Thwae/ RFA

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေ ဦးဆောင်ပြီး ကယားပြည်နယ် အတွင်းက ဖရူဆိုနဲ့ဒီမောဆို မြို့နယ်အတွက် ပဏာမ ကရင်နီပြည်နယ် ညီလာခံကို ဖရူဆိုမြို့နယ်ခန်းမဆောင်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီညီလာခံမှာ စစ်မှန်တဲ့ပြည်ထောင်စုတည်ထောင်ဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ပြန်လည် ဖွဲ့စည်းရေးကို အဓိကထား ဆွေးနွေးနေတာဖြစ်တယ် လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) ဦးရွေမျိုးသန့်က ပြောပါတယ်။

"ဒီတစ်ကြိမ်မှာတော့ အဓိကအကြောင်းအရာ ၂ ခုကို ဆွေးနွေးပါတယ်၊ ပထမအကြောင်းအရာကတော့ စစ်မှန်သောပြည်ထောင်စုစနစ်ပေါ့လေ၊ ဒုတိယ အကြောင်းအရာကတော့ လက်နက်ကိုင်တပ်များ ပြန်လည်ဖွဲ့စည်းခြင်းပေါ့၊ အဲ့အကြောင်းအရာ ၂ ခု ကျနော်တို့ဆွေးနွေးမှာဖြစ်ပါတယ်"

ညီလာခံကို ဒီကနေ့၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သုံးရက်တာ ကျင်းပသွားမှာဖြစ်ပြီး၊ အလားတူ ညီလာခံတွေကို ကယားပြည်နယ်အတွင်းက ဖားဆောင်း၊ မယ်စဲ့၊ ရှားတော၊ ဘောလခဲ၊ လွိုင်ကော်မြို့တွေမှာလည်း ဆက်လက်ကျင်းပမယ်လို့သိရပါတယ်။

ကယားပြည်နယ်အတွင်းက မြို့နယ်တွေမှာ ပဏာမ ညီလာခံကျင်းပပြီးရင် ကရင်နီပြည်နယ်လုံးဆိုင်ရာ ညီလာခံကို လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ် လို့ ပြောပါတယ်။

ညီလာခံတက်ရောက်လာတဲ့ ဒေသကိုယ်စားလှယ်တွေအနေနဲ့သူတို့ရဲ့လိုအပ်ချက် စာတမ်းကို ညီလာခံမှာ တင်သွင်းသွားမှာဖြစ်တယ်လို့ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ပွဲကို ဖရူဆိုနဲ့ဒီမောဆို မြို့နယ်အတွင်းက ကိုယ်စားလှယ်တွေနဲ့အတူ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ဒုစစ်ဦးစစ်ချုပ် ဗိုလ်ချုပ်အောင်မြတ် ၊ ဒုဥက္ကဌ ခူဦးရယ် ၊ အတွင်းရေးမှူး ဦရွေမျိုးသန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်( SNLD) ၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)၊ ကယားလူမျိုးစုဒီမိုကရေစီပါတီ စတဲ့ နိုင်ငံရေးပါတီ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၂၀၀ လောက် တက်ရောက်ခဲ့ပါကြတယ်။

KNPP ရဲ့ရှေ့ဆက်သွားမယ့် နိုင်ငံရေးမူဝါဒနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရှစ်ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ ရလဒ်အရ အသစ်တက်လာမယ့် အစိုးရပေါ် သဘောထား အမြင်တွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူ း (၁) ဦးရွေမျိုးသန့် ကို RFA သတင်းထောက် ကိုနေသွေးက တွေ့ဆုံမေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။