ကရင်နီပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးပိတ်ဆို့မှုတွေ Fortify Rights အဖွဲ့ အစီရင်ခံစာထုတ်ပြန်

2021.11.10

ကရင်နီပြည်နယ်အတွင်း ကယ်ဆယ်ရေးအကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှု၊ သွားလာဆက်သွယ်ခွင့် ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး၊ Fortify Rights အဖွဲ့က အနှစ်ချုပ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူပြီးတဲ့နောက်၊ အာဏာသိမ်း စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း၊ အစိုးရ မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဘက် ပြည်သူ တွေကို စတင်တိုက်ခိုက်ခဲ့လို့၊ ဒေသခံပြည်သူ တစ်သိန်းကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရကြောင်း၊ အာဏာ သိမ်း စစ်တပ်ဟာ ကရင်နီပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်၊ ဥပဒေမဲ့ ဖမ်းဆီးတာတွေ၊ ဒေသခံတွေ ကို အဓမ္မခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေအပြင်၊ ဒေသခံတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း တားဆီးပိတ်ပင်ခဲ့ပါတယ်။ ဒါ့ပြင် ကူညီကယ်ဆယ်ရေး လုပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီး၊ ပြည်သူ့ရိက္ခာတွေနဲ့ တခြားပစ္စည်းတွေကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေနဲ့ ကူညီရေးအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေကို ကြန့်ကြာစေခဲ့ပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်စေနိုင်ကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။ စစ်တပ်ရဲ့ အခုလို လုပ်ရပ်တွေဟာ နိုင်ငံတဝှမ်း နေရာတိုင်မှာ မပြောင်းမလဲ အသွင်တူနေကြောင်းလည်း ဖော်ပြပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ Fortify Rights အဖွဲ့ရဲ့ အနှစ်ချုပ် အစီရင်ခံစာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူ တွေ၊ ဒုက္ခသည်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တွေ၊ ပြည်သူ့စစ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမေးမြန်းမှုပေါင်း ၂၀ ကျော်ကို အခြေခံထားတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ စစ်ကောင်စီဟာ နိင်ငံတဝှမ်း ပြည်သူ ကိုးထောင်ကျော် ကို ဖမ်းဆီးခဲ့သလို၊ ကလေးသူငယ်တွေ အပါအဝင် ပြည်သူနှစ်သိန်းနှစ်သောင်းသုံးထောင်ကျော် အိုးအိမ်မဲ့ ဖြစ်စေခဲ့ပါတယ်။ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီ အရပ်ဘက်အဖွဲ့ ကွန်ရက်ကလည်း ဒီနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး၊ ကရင်နီပြည်နယ်အတွင်း နေရပ်စွန့်ခွာခဲ့ရသူ တစ်သိန်းလေးသောင်းကျော်ကို စာရင်းပြု မှတ်တမ်းတင်ခဲ့ပါတယ်။ နိုင်ငံတဝှမ်း ပြည်သူ သုံးသန်းကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေတာပါ။ ဒါပေမဲ့ တဖက်မှာလည်း ကူညီကယ်ဆယ်ရေးအဖွဲ့ တွေဟာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလ က ကူညီကယ်ဆယ်ရေးလုပ်သား ခုနစ်ဦး ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းမှာ ခြောက်ဦးကို ပြန်လွှတ်ခဲ့ပါတယ်။ ဒီနှစ် မေလကုန်ပိုင်းကလည်း ကယ်ဆယ်ရေးလုပ်သား သုံးဦး ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၁၈ ရက်နေ့ အထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဆိုးရွားလှတဲ့ လုပ်ရပ်တစ်ခုက ဇွန်လ ၉ ရက်နေ့မှာ ကရင်နီနဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ လွယ်ရင်းတောင်ခြေရွာမှာက စာသင်ကျောင်းမှာ သိုလှောင်ထားတဲ့ ဆန်တွေကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့တာပါပဲ။ အဲဒီဆန်တွေကို အနီးအနားက ဒုက္ခသည်စခန်းတွေကို ပေးဝေနေတာဖြစ် ကြောင်း သိရပါတယ်။ ပြည်နယ်အတွင်းက ဒုက္ခသည် စခန်းတွေမှာ ရိက္ခာ၊ သောက်ရေ၊ ဆေးဝါး၊ အိမ်သာ စတဲ့ မရှိမဖြစ် အရင်းအမြစ်တွေ ချို့တဲ့နေကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။