ကရင်နီရိုးရာ တံခွန်တိုင် စုပေါင်းပွဲ ဘောလခဲ မြို့နယ်မှာ ကျင်းပ


2016.04.12
karenni-620.jpg ၅၈ ကြိမ်မြောက် ကရင်နီရိုးရာ တံခွန်တိုင်စုပေါင်းပွဲတော်ကို ဧပြီလ ၁၂ ရက်နေ့က ကယားပြည်နယ် ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာမှာ ကျင်းပနေစဉ်
Photo: Nay Thwae/ RFA

၅၈ ကြိမ်မြောက် ကရင်နီရိုးရာ ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင်စုပေါင်းပွဲတော် အခမ်းအနားကို ကယားပြည် နယ် ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာမှာ  ဒီနေ့ ကျင်းပပြုလုပ်ပါတယ်။

ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေးက ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဒီမိုကရေစီအစိုးရသစ်နဲ့ ပူးပေါင်းပြီး ကျရာနေရာကနေ ဆောင်ရွက်ပေးကြဖို့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"ကယားပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်း ဘက်စုံကဏ္ဍစုံကနေပြီး ဟန်ချက်  ညီစွာပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်တိုင်းရင်းသား ပြည်သူလူထုရဲ့  မျက်နှာကိုကြည့်ပြီး အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားပါမယ်လို့  ကတိပေးပါတယ်၊ ပြည်နယ်တိုင်းရင်းသား ညီကိုမောင်နှမများ ကလည်း ကျနော်တို့  ဒီမိုကရေစီအစိုးရသစ်နဲ့ ပူးပေါင်းလက်တွဲပြီး  ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်  ပေးကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်အပ်ပါတယ်"

ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင်ပွဲမှာ ဒေသအတွင်း တစ်နှစ်တာ လုပ်ကိုင်စားသောက်ရေးနဲ့ တိုင်းပြည် အခြေအနေကို သိရှိနိုင်ဖို့ ရိုးရာကြက်ရိုးထိုးပြီး ဗေဒင်ဟော ရပါတယ်။

ဒီနှစ်မှာတော့ ရာသီဥတု အခြေအနေဆိုးရွားတာကြောင့် ရောဂါဘယခံစားနိုင်ကိန်း ရှိနေပြီး တိုင်းပြည်အုပ်ချုပ်ရေး အခြေအနေက ပုံမှန်ပဲဖြစ်တယ် လို့ ဗေဒင်ဆရာက ပြောခဲ့ပါတယ်။

အရင်က ချိကွဲ့ရွာဟာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီနဲ့ အစိုးရတို့ အပစ်ခတ်ရပ်စဲရေး မယူခင်ကာလမှာ သွားလာရေးအလွန်ခက်ခဲခဲ့ပြီး လက်ရှိ အပစ်ခတ် ရပ်စဲထားတဲ့ကာလမှာ သွားလာရေးအခြေအနေ တိုးတက်လာပြီဖြစ်ပါတယ်။

တံခွန်တိုင်ပွဲကို ကယားပြည်နယ် လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း စတဲ့မြို့နယ် ၇ မြို့နယ်က ကယား၊ ကယော၊ ကယန်း၊ ဂေခို တိုင်းရင်းသားတွေ စုပေါင်းကျင်းပတာဖြစ်ပြီး ချိကွဲ့ရွာက တံခွန်တိုင်ကွင်းမှာ တံခွန်တိုင်တော်ကို စုပေါင်း စိုက်ထူခဲ့ကြပါတယ်။

အဲဒီပွဲကို ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ ၊ ကယားပြည် နယ်ကေ့ထျိုးဘိုး ရိုးရာအဖွဲ့ချုပ်နဲ့ဒေသခံ ၅၀၀ လောက်တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။