ကသာမှာ တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ
2023.04.05

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အင်းရွာအနီးမှာ ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကပါ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့သလို ရွာပေါင်း ၁၀ ရွာခန့်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအနီးက ရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတာလို့ အင်းရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်လို့ ထွက်ပြေးရတာ အင်းရွာ၊ ရွှေဘုံသာ၊ သပြေသာ၊ အလယ်ရွာ၊ ပျဉ်းလေးပင်၊ ဖုန်းကုန်း၊ ပေလမ်းကုန်း၊ ကျွန်းတောကုန်း အကုန်ရွာလုံးကျွတ်ကို ကိုးရွာ ၁၀ ရွာလောက် ပြေးရတယ်။ လူဦးရေက တစ်သောင်းကျော်တယ်။ ရွာတွေက ကြီးတယ်လေ အိမ်ခြေ ၅၀၀ ကျော် ၂၀၀ ကျော် အဲလိုမျိုးတွေ။ တောထဲမှာ တိမ်းရှောင်နေရတယ်။ ဒုက္ခသည်စခန်းတွေတော့ မရှိဘူး။ အစားအသောက်တွေ ခက်ခဲနေတယ်။ ကိုယ့်အိမ်ထဲအကုန် ပစ်ထားခဲ့ရတယ်”
အင်းရွာ၊ ပေလမ်းကုန်းရွာနဲ့ ကျွန်းတောကုန်းရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ ညနေပိုင်း နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဧပြီ ၅ ရက်မနက်ကလည်း ပေလမ်းကုန်းရွာနဲ့ ကျွန်းတောကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့နေတယ်လို့ ကသာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပေလမ်းကုန်းရွာနဲ့ ကျွန်းတောကုန်းရွာကို ညကတော့ လေယာဉ်တွေနဲ့ကြဲတယ်။ မနေ့ညနေက အဲဒီမှာ တိုက်ပွဲ ဖြစ်တယ်လေ။ ဒီနေ့မနက် မီးရှို့နေပြီ ပေလမ်းကုန်းရွာနဲ့ ကျွန်းတောကုန်းရွာကို။ အရပ်သားပြည်သူတွေတော့ ထိခိုက်မှုမရှိဘူးပြောတယ်။ အကုန်ပြေးနေရတာပဲ"
ဧပြီလ ၄ ရက်နေ့ ညနေပိုင်းဖြစ်တဲ့ အင်းရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၃၀ ခန့် သေဆုံးတယ်လို့ ဒေသခံကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကိုင်းနဲ့ ကချင်အစပ် ကသာ၊ ဗန်းမောက်၊ ရွှေကူမြို့နယ်တွေကို မတ်လကုန်ပိုင်းက စတင်ပြီး စစ်ကောင်စီ တပ်သားတွေ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဖြစ်နေတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းက ကသာမြို့နယ်အပြင် ကသာနဲ့ဆက်စပ်နေတဲ့ ထီးချိုင့်မြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေပါ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။