ဆေးရုံတင်ထားတဲ့ သတင်းထောက် ကိုကောင်းဆက်လင်း မိသားစုနဲ့ တွေ့ခွင့်မရ
ဆန္ဒပြ သတင်းယူနေရင်း စစ်ကားနဲ့ ဝင်တိုက်တာခံရလို့ ဒဏ်ရာ အပြင်းအထန်ရခဲ့တဲ့ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းဟာ စစ်ဆေးရုံမှာ ကုသနေရပြီး ဒဏ်ရာမစိုးရိမ်ရတော့ပေမယ့် မိသားစုနဲ့တော့ တွေ့ခွင့် မရသေးပါဘူး။
ဒီဇင်ဘာ ၅ ရက်က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြ သတင်းယူနေတဲ့ ကိုကောင်းဆက်လင်းဟာ စစ်ကားနဲ့ ဝင်တိုက်ခံလိုက်ရလို့ ခါးရိုးကျိုး၊ မျက်လုံးနဲ့ ဦးခေါင်း တို့မှာပါ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖခင်ဖြစ်သူ ဦးမျိုးမြင့်က RFA ကို ပြောပါတယ်။
"ဦးတို့ နှစ်ရက်ရှိပြီ ဆေးရုံရှေ့မှာ သွားစောင့်နေတာ၊ အနွေးထည်လေး အစားအသောက်လေး သွားပေး တယ်၊ တွေ့ခွင့်ရချင်တယ် ကိုယ်တိုင်ပြုစုချင်တယ်၊ သားဘေးမှာ အစောင့်ကျတဲ့ ရဲလေးက လာပြောတယ်၊ အခြေအနေစိုးရိမ်စရာမရှိဘူးတဲ့၊ ခါးရိုးကျိုးထားတဲ့ သားကိုမစိုးရိမ်ရဘူး ပြောလည်း စိုးရိမ်တယ်"
အသက် ၂၇ နှစ် အရွယ် ကိုကောင်းဆက်လင်းဟာ Myanmar Press Photo Agency (MPA) သတင်းဌာနမှာ ဓာတ်ပုံသတင်းထောက်အဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။
MPA သတင်းဌာနက ကိုကောင်းဆက်လင်းနဲ့ ရုပ်သံသတင်းထောက် မမှူးရတနာခက်မိုမို့ထွန်း ဟာ စစ်ကားနဲ့ ဝင်တိုက် အဖမ်းခံလိုက်ရပြီး တပ်မတော် ကုတင် ၅၀၀ ဆေးရုံမှာ ကုသနေရပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ သတင်းသမား ၃၇ ဦး ထက်မနည်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။