အစိုးရ သတင်းထုတ်ပြန်မှု အကျဉ်းသားတွေ မကျေနပ်လို့ဆန္ဒပြ


2013.09.15

စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ကော့သောင်းမြို့ အကျဉ်းထောင်မှာဖြစ်ပွားခဲ့တဲ့  ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် အကျဉ်းသားတွေက မကျေနပ်တာကြောင့် ဒီနေ့ ဆန္ဒပြခဲ့ကြတယ်လို့ ကော့သောင်းမြို့ခံံတစ်ဦးကပြောပါတယ်။

အကျဉ်းသားနှစ်ဦး စကားများ ရန်ဖြစ်ခဲ့ကြတဲ့အတွက်  အကျဉ်းထောင်တာဝန်ရှိသူတွေက ဝင်ရောက် ဟန့်တား ခဲ့ရာမှာ  အကျဉ်းသားတွေက ဆူပူပြီး ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းခဲ့ကြကြောင်း၊  အခြေအနေကို ထိန်းသိမ်း တဲ့အနေနဲ့  သေနတ်ပစ်ဖောက်ခဲ့ရာမှာ အကျဉ်းသားတစ်ဦး သေဆုံးပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြခဲ့တာကို မကျေနပ်တဲ့အတွက် အကျဉ်းသားတွေ ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။


ကော့သောင်းမြို့ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တဲ့ လူငယ်နှစ်ဦး ထောင်တွင်းမှာ အချင်းများခဲ့ရာမှာ ထောင်အာဏာပိုင်တွေက အကြမ်းဖက် ရိုက်နှက်ခဲ့တာကို ဆန္ဒပြကြတာကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး ၊ ထောင်ဖေါက်တာမဟုတ်ဘူးလို့ အကျဉ်းသားတွေ ကပြောဆိုကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူ ဒေသခံ တစ်ဦးက ပြောပါတယ်။

မနေ့က တခြားထောင်ပိုင်တစ်ဦးကို ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ပြီး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်၊ အကျဉ်းဦးစီး ဌာနက တာဝန်ရှိသူတွေနဲ့ ညွှန်ကြားရေးမှူးချုပ်တွေ လာရောက်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ပဋိပက္ခတွေဖြစ်ပွားခဲ့တာကြောင့် အကျဉ်းကျနေသူတွေရဲ့ မိသားစုတွေ၊ ကော့သောင်းမြို့နယ် ၈၈ မျိုးဆက်အဖွဲ့ တာဝန်ခံတွေ နဲ့  NLD ပါတီ ကိုယ်စားလှယ်တွေဟာ အကျဉ်းကျနေသူတွေကို တွေ့ဆုံခွင့် တောင်းခံခဲ့ပေမဲ့  ခွင့်ပြုချက် မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။