ကော့ကရိတ်မှာ လက်နက်ကြီးကြောင့် ကျောင်းသူတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

RFA Burmese
2023.10.14
ကော့ကရိတ်မှာ လက်နက်ကြီးကြောင့် ကျောင်းသူတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကျည်စထိမှန် ဒဏ်ရာရခဲ့သည့် ကျောင်းသူတစ်ဦးအား တွေ့ရစဉ်။
ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေး

ကရင်ပြည်နယ်၊ KNU - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အနီးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်နေ့လယ်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ကျောင်းသူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒူးပလာယာခရိုင် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကော့ကရိတ်အခြေစိုက် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမြောက်တပ်ကနေ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် စာမေးပွဲဖြေဆိုအပြီး ကျောင်းထဲက ထွက်လာတဲ့ ကျောင်းသူလေးဦးကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျည်ကြောင့် Grade -4 ကျောင်းသူ အသက် ၁၂ နှစ်အရွယ် နော်မိုးမိုးအေး ဟာ ခန္ဓာကိုယ် တစ်ခုလုံးနီးပါး ကျည်စတွေထိမှန်ခဲ့ပြီး လက်နက်ကြီးပေါက်ကွဲတဲ့နေရာ မှာပဲ သေဆုံးခဲ့တာပါ။

အသက် ခြောက်နှစ်အရွယ် နော်ဝေဝေနှင်း၊ အသက် ၁၂ နှစ်အရွယ် နော်ခုခုဖောနဲ့ အသက် ၁၆ နှစ်အရွယ် နော်ဆုယဉ်အေးတို့ကတော့ လည်ပင်း၊ ခြေထောက်တွေမှာ လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာတွေရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေ တာကြောင့် စစ်ကောင်စီ တပ်ဘက်က အခုလို လက်နက်ကြီးနဲ့ပစ်ခတ်ရင်း ကလေးငယ် တွေကို ထိမှန်ခဲ့တာလို့ ဒူးပလာယာခရိုင် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“ဘယ်လိုသိရလဲဆိုတော့ ဒီထဲမှာက နယ်မြေခံတွေ အများကြီးရှိပါတယ်။ ဒေသခံတွေလည်း ရှိပါတယ်။ လက်နက်ကြီးက ဘယ်ကနေ ထွက်တာလဲ၊ ဘယ်ကနေ ပစ်တာလဲ အဲဒီလိုသိပါတယ်။ ဘာကြောင့် သူတို့ (စစ်ကောင်စီတပ်) က အဲဒီလို ပစ်ရခြင်းအားဖြင့် အဲဒီနေ့မှာပဲ ကျွန်တော်တို့ဘက်က တော်လှန်ရေးတပ်ဖွဲ့ တွေကလည်း နေရာအနှံ့မှာ ဒီ လုံခြုံရေးယူနေတဲ့ စကစတွေ၊ နောက် နယ်မြေစိုးမိုးဖို့အတွက်ကို စစ်ကြောင်း တက်ထိုးနေတဲ့နေရာတွေကို ကျွန်တော်တို့ ဒီအဖွဲ့ဘက်က ဒရုန်းနဲ့သော်လည်းကောင်း၊ စနိုက်ပါနဲ့ သော်လည်းကောင်း လုပ်ခြင်းအားဖြင့် သူတို့က ပြန်ပြီးတော့ အမြောက်တပ်ကနေပြီးတော့ ဒီပတ်ပတ်လည်မှာ ရှိသမျှအားလုံးကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခြင်းဖြစ်ပါတယ်”

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းသူတွေ သေဆုံး၊ ထိခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း ထုတ်ပြန်တာ မတွေ့သေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၂) ရပ်ကွက်၊ ဝင်းကြီးရွာကို KNU/PDF တွေက လက်နက်ကြီးကျည်နဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသူလေးဦးထဲက တစ်ဦးသေဆုံးခဲ့တယ်လို့ စွပ်စွဲရေးသားထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် အားကောင်း လာတဲ့ ၂၀၂၂ ခုနှစ် နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ပိုပြီးလုပ်ဆောင်လာတာပါ။

RFA ရဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ အရပ်သား ၈၁၆ ဦးသေဆုံးခဲ့ပြီး၊ ၁၆၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။