ကော့ကရိတ်တိုက်ပွဲအတွင်း အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးပြီး တစ်ရာခန့် ပိတ်မိနေသေး
2023.12.05

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ဆယ်ဦးထက်မနည်းရှိနိုင်ပြီး မြို့ထဲမှာပိတ်မိနေသူ တစ်ရာခန့်ကျန်နေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့က တံတားဦးရပ်ကွက်ထဲမှာ ပုန်းနေတဲ့ အရပ်သား လေးဦးသေဆုံးခဲ့သလို ဒီဇင်ဘာ ၄ ရက်မှာ အောက်တောင်သူစုရပ်ကွက်ကနေ ရှောင်တိမ်းဖို့ထွက်လာတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးသူအရပ်သား ဆယ်ဦးထက်မနည်းရှိနိုင်ပြီး တိုက်ပွဲကြောင့် အသက်နဲ့ နာမည်တွေ အပါအဝင် အရေအတွက် တိတိကျကျကိုတော့ မသိနိုင်သေးဘူးလို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဂျက်တိုက်လိုက်လေယာဉ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ကော့ကရိတ်မြို့ကို အဆက်မပြတ် ပစ်နေတာကြောင့် ပိတ်မိနေသူတွေကိုကယ်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
ပိတ်မိနေသူတွေကို တိုက်ပွဲခဏငြိမ်တဲ့အချိန် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကူညီကယ်ထုတ် ပေးနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ပိတ်မိနေသူတွေကိုတော့ မနေ့က ဟိုက်ဂျက်ကားနဲ့ ပို့ပေးနေတာ။ မြဝတီဘက် မပို့နိုင်ပေမယ့် တံတားကျိုးဂိတ်၊ နဘူးလမ်းခွဲ ကုန်သွယ်ရေးဇုန်အထိ ကျွန်တော် ပို့ပေးလိုက်တယ်။ သုံးခေါက်လောက်ပို့ ပေးလိုက်တယ်။ သုံးဆယ်ကျော်လောက်ပေါ့။ ကျန်တဲ့သူလည်း ရှိသေးတယ်။ အသံလေးနည်းနည်းငြိမ်ရင် ပြေးထွက်လိုက်၊ အသံကြားရင် ပုန်းနေလိုက်ပေါ့။ အခုက လမ်းပိတ်ထားလို့ မဝင်နိုင်ဘူး။ မနေ့ကလည်း လေယာဉ်တွေ လာတာရှိတယ်။ ပထမနှစ်ရက်ကဆိုရင် တစ်နေကုန် မြို့ပေါ် တည့်တည့်ကို အဆက်မပြတ်လာပစ်တာ။ တော်လှန်ရေး တပ်သားတွေရှိတယ်လို့ ထင်တဲ့နေရာတွေ ပစ်တာပေါ့။ အရပ်သားတွေလည်း သေတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဆိုရင် ခေါင်းတောင်မပါတော့ဘူး။ ကားမောင်းတဲ့ သယ်ငယ်ချင်း လေးယောက်လောက်လည်း ဆုံးသွားပြီလို့ ကြားတယ်”
မြို့တွင်းတိုက်ပွဲကြောင့် တံတားဦး၊ ဝင်းကြီးအပါအဝင် ရပ်ကွက်ခြောက်ခုမှာ ပျက်စီးမှုအများအပြားရှိနေပြီး လက်ရှိမှာ ချောင်းတောင်ရပ်ကွက် အလယ်ပိုင်းလောက်သာ လွတ်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၅ ရက်ဒီနေ့မနက်ပိုင်းမှာတော့ ကော့ကရိတ် တံတားကျိုးစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်တယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။
ဒါကြောင့် ကယ်ဆယ်ရေးကားတွေ မြို့ထဲဝင်လို့မရတော့ဘဲ မြို့ထဲကထွက်ချင်သူတွေ တံတားကျိုးဂိတ်အထိ လာကြဖို့ ဖုန်းဆက်အကြောင်းကြားရတယ်လို့ ကူညီပေးနေသူ နောက်တစ်ဦးက RFA ကို ပြောပါတယ်။
“မနက်ကတော့ တစ်ခေါက်ကြိုပြီးပြီ တံတားကျိုးက။ ရသလောက် ကျွန်တော်ကြိုပေး ထားတယ်။ မနေ့ကလည်း သွားကြိုတယ်။ ဒီနေ့လည်း သွားကြိုပေးနေပါတယ်။ မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေတော့ ရှိသေးတယ်။ အခုက တံတားကျိုးမှာပဲ ကြိုပေးလို့ရမှာပေါ့နော်။ အဝင် ပိတ်ထားတယ်။ စစ်တပ်က သူတို့ ပိတ်ထားတာပေါ့။ တိုက်ပွဲကတော့ ဒီနေ့မနက် ငြိမ်နေတယ်လို့တော့ ထွက်လာတဲ့သူတွေက ပြောတာပဲ။ မနေ့က လေယာဉ်နဲ့ပစ်တာ ဘုန်းကြီးကျောင်းတွေ ထိတယ်ကြားတယ်။ မြို့ထဲက ဘုန်းကြီးကျောင်း မြို့မ ကျောင်းကိုကျတယ်”
ကော့ရိတ်မြို့ထဲ ပိတ်မိနေသူအများစုဟာ တိုက်ပွဲရောက်မလာနိုင်ဘူးလို့ယူဆပြီး မပြောင်းရွှေ့သူတွေနဲ့ အိမ်စောင့်အဖြစ် ကျန်နေသူတွေဖြစ်တယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ နိုဝင်ဘာလ ၂၉ ရက်ကတည်းက တိုက်ပွဲစဖြစ်ခဲ့တာပါ။
ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ KNLA ပူးပေါင်းတပ်တွေဟာ ကော့ကရိတ်မြို့က အမှတ် (၉၇) ခြေလျင်တပ်ရင်းနဲ့ စစ်ကောင်စီတပ်စခန်းရှိရာ နေရာတွေကို ဝင်တိုက်ရာကနေ တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် ကော့ကရိတ်မြို့အပါအဝင် မြို့အနီးနားရွာတွေက ဒေသခံ ငါးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ဒီအခြေအနေကို အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးလုပ်နေတာကြောင့် မဖြေဆိုနိုင်သေးကြောင်းသာ အကြောင်းပြန်ပါတယ်။
ကော့ကရိတ်မြို့ပေါ်က ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ စက်မှုလယ်ယာရုံး၊ မီးသတ်ဦးစီးဌာန အပါအဝင် ရုံးလေးရုံး မီးရှို့ခံခဲ့ရတယ်လို့ ဦးစောခင်မောင်မြင့်က RFA ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖြေဆိုထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) က ကော့ကရိတ်မြို့နယ်အပါအဝင် ကျိုက်ဒုံ၊ စုကလိနဲ့ ဝေါ်လေမြိုင် ဒေသတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေသူတွေ တစ်ပတ်အတွင်း ထွက်ခွာကြဖို့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ သတိပေးထားပါတယ်။