ကောလင်းမြို့ကို စစ်ကောင်စီတပ် ပြန်တိုက်နေလို့ တိုက်ပွဲပြင်းထန်နေ
2023.11.12

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ကို နိုဝင်ဘာလ ၁၁ ရက် မနက် အစော ၅ နာရီခန့်ကစပြီး စစ်ကောင်စီတပ်က မြေပြင်ရော လေကြောင်းနဲ့ပါ ပြန်လည်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မနက်အစောပိုင်း ၅ နာရီကျော်က အင်းဘုတ်ကုန်း ဂေါက်ကွင်းအနီးမှာ ဝန်းသိုမြို့ဘက်နေ ကောလင်းမြို့ပေါ်ကို တက်လာတဲ့ အင်အားတစ်ရာခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကောလင်းခရိုင်တပ်ရင်း (၁)၊ (၂)၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ကောလင်းမြို့၊ ဝါးရုံးကုံးရပ်ကွက်ဘက်မှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး အဲဒီအချိန်မှာ စစ်ကောင်စီတပ် မြေပြင်စစ်ကြောင်းက နောက်ပြန်ဆုတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ- ၁၂၀) ကနေလည်း လက်နက်ကြီးတွေနဲ့ တစ်ရက်လုံးနီးပါး ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ တိုက်ပွဲအခြေနေကိုသိတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခု ရဟတ်ယာဉ်ပျံသံကြားနေရတယ်။ ပစ်သံတွေတော့ သိပ်မကြားရသေးဘူး။ မနေ့က စတိုက်တာပေါ့။ အင်အား ဘယ်လောက်များလဲ မပြောနိုင်ဘူးဗျ။ အဓိကတော့ ဝန်းသိုဘက်ကနေ လာတိုက်တာပေါ့။ မြို့သိမ်း ထားတာကို ပြန်လာတိုက်တဲ့သဘော ထင်ပါတယ်။ သေချာတော့မသိဘူး။ ပြည်သူတွေကတော့ အကုန်လုံး နီးစပ်ရာရွာတွေ ပြေးနေတယ်။ ရှောင်ခိုင်းထားတာ ကာကွယ်ရေးအဖွဲ့တွေကပဲ စောင့်ရှောက်ပေးထားတာပေါ့။ မြို့ပေါ်မှာလည်း လူသိပ်မရှိတော့ဘူးဗျ”
စစ်ရေးသတင်းတွေ ရေးသားဖော်ပြနေတဲ့ ကောလင်း တော်လှန်ရေးအဖွဲ့ ( Kawlin Revolution – KR) ကလည်း နိုဝင်ဘာ ၁၁ ရက်မနေ့ကတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနိုင်သလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေဟာ ကောလင်းမြို့ကို နိုဝင်ဘာလ ၃ ရက်ကနေ ၆ ရက်နေ့အထိ လေးရက်ကြာ တိုက်ခိုက်သိမ်းယူခဲ့တာပါ။
အဲဒီအချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားဆယ်ဦး သေဆုံးခဲ့ပြီး မြို့ပေါ်ကဒေသခံ ငါးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်မှာ ထိန်းချုပ်ခဲ့ပြီးနောက် မြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၆၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။