ကောလင်းမြို့နယ် တောင်ကြီးရွာနဲ့ အင်းမရွာမှာ အမျိုးသား နှစ်ဦး သတ်ဖြတ်ခံခဲ့ရ
2023.10.25

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် တောင်ကြီးရွာနဲ့ အင်းမရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံ နှစ်ဦးကို စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သတ်ဖြတ်ခဲ့တယ်လို့ ကောလင်းဒေသခံတွေက အောက်တိုဘာလ ၂၅ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့က ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်က ထွက်လာတဲ့ အင်အားတစ်ရာကျော်ပါ စစ်ကြောင်းက ကိုးတောင်ဘို့နဲ့ လေးမိုင်ခန့်ဝေးတဲ့ ကောလင်း မြို့နယ်ထဲက တောင်ကြီးရွာအရောက်မှာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ အမျိုးသား တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့မှာလည်း တောင်ကြီးရွာနဲ့ သုံးမိုင်ကျော်ဝေးတဲ့အင်းမရွာမှာ ရွာအပြင်ကကြက်ခြံမှာ ကြက်စာသွားကျွေးတဲ့ အသက် ၃၆ နှစ်အရွယ် ကိုစိန်ကွန် စစ်ကြောင်းနဲ့တွေ့ပြီး ပစ်သတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောလင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"တောင်ကြီးရွာမှာ သတ်လိုက်တဲ့ ဓားစာခံတစ်ယောက်က ကောလင်းနယ်ကတော့ မဟုတ်ဘူးဗျ။ ဓားနဲ့ထိုး သတ်သွားတယ်၊ ရွာကိုလည်း မွှေသွားတယ်။ အင်းမရွာတောင်ဘက်ကိုရောက်တော့ သုံးဘီးနဲ့ ကြက်စာကျွေးသွားတဲ့ ရွာသားက စစ်ကြောင်းနဲ့တိုးတာ။ သုံးဘီးပစ်ထားပြီး လူက ပြန်လှည့်ပြေးတာပေါ့။ အဲဒီအချိန် သေနတ်နဲ့ ပစ်ခံရတာပဲ နောက်စေ့ကို"
စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်လာပြီး တောင်ကြီးရွာမှာ အသတ်ခံခဲ့ရတဲ့ ဓားစာခံအမျိုးသား ဘယ်သူ၊ ဘယ်ဝါဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၂၅ ရက် ဒီနေ့မနက်မှာတော့ ကောလင်းမြို့ရဲ့ အရှေ့ဘက် ဘန့်ပွေးကုန်းရွာ အနီးက ကျောက်ပုထိုး ရွှေတူးဖော်ရေးလုပ်ကွက်ဘက်ကို ရောက်ရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၂၁ ရက်ကစပြီး ကောလင်းမြို့နယ်ထဲကို မြေပြင်ရော၊ ရေကြောင်းကပါ စစ်ကြောင်းငါးကြောင်းနဲ့ စစ်ကြောင်းထိုးနေတာလို့ ကောလင်းမြို့နယ်ထဲမှာရှိတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ၄၁၅၅ ဦးရှိနေပါပြီ။