ကောလင်းမြို့ကို KIA နဲ့ PDF တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေပြော
2023.11.06
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် နို၀င်ဘာလ ၆ ရက် ဒီနေ့မှာတော့ သိမ်းယူနိုင်ခဲ့ပြီလို့ မြို့မှာရှိနေတဲ့ ဒေသခံတွေက ပြောပါတယ်။
ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာလ ၃ ရက်နေ့ကစ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ မြို့ပေါ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ တပ်သားတွေ လက်နက်ချသွားတာလို့ ကောလင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"သေနတ်သံက မနေ့ညနေ ငါးနာရီကတည်းက ရပ်သွားတာပေါ့။ ကောလင်းက သိမ်းလို့ဆည်းလို့ ပြီးသွားတဲ့အခြေအနေပါ။ လေယာဉ်က မြို့ပေါ် ဖြတ်မပျံတော့ဘူး။ ဆန်၊ ဆီ အကျပ်အတည်းမဖြစ်ဘူး။ လောလောဆယ် ခက်ခဲတာက ဓာတ်ဆီ။ နေအိမ်အဆောက်အအုံတွေ ပျက်စီးတာတော့ ရှိတာပေါ့"
မြို့ပေါ်မှာ လုံခြုံရေးအခြေအနေကြောင့် သွားလာလို့ မရသေးပေမယ့် တိုက်ခိုက်မှုတွေ မရှိတော့ဘူးလို့ ကောလင်းဒေသခံက ဆိုပါတယ်။
မြို့ပေါ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးတဲ့ အရပ်သားတွေအချို့ ရှိနေပေမယ့် အရေအတွက်အတိအကျကိုတော့ မသိနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီခြေအနေအပေါ် တိတိကျကျသိရဖို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်ရာမှာတော့ ဖြေဆိုလို့မရသေးဘူးလို့သာ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကတော့ ခရိုင်အဆင့်မြို့ဖြစ်တဲ့ ကောလင်းမြို့ကို သိမ်းလိုက်နိုင်ကြောင်း နိုဝင်ဘာလ ၆ ရက် ဒီနေ့မနက်မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကောလင်းမြို့ပေါ်မှာ နိုဝင်ဘာလ ၃ ရက်နေ့ကစလို့ မြို့မရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ အ.ထ.က (၁) ကျောင်းဝန်းထဲ တပ်စွဲထားတဲ့ နေရာသုံးခုကို KIA PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။
ကောလင်းမြို့မရဲစခန်းနဲ့ အ.ထ.က (၁) ကျောင်းကို နိုဝင်ဘာလ ၅ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာတော့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပါ သိမ်းယူလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် မြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မြို့ပြင် စစ်ဘေးဒုက္ခသည်စခန်းတွေမှာရှိကြသလို မြို့ပေါ်မှာလည်း ဒေသခံအနည်းဆုံး ၁၅၀၀ ကျော်ရှိနေဆဲဖြစ်တယ်လို့ ကောလင်းမြို့ခံတွေက ပြောပါတယ်။