ကရင်လက်နက်ကိုင် တပ်တွေ ကော်သူးလေတပ်မတော် ပူးပေါင်းဖွဲ့စည်းကြောင်း ထုတ်ပြန်
2014.10.14

ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းပြီး ကော်သူးလေတပ်မတော် KAF ဖွဲ့စည်း တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ကေအဲန်ယူ ကရင် အမျိုးသားအစည်းအရုံး ဗဟိုကော်မတီရဲ့ သဘောထား မဟုတ်ကြောင်း ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ဒီနေ့ ပြောလိုက်ပါတယ်။
အဲဒီကိစ္စအတွက် ကေအဲန်ယူ ဗဟိုကော်မတီ အစည်းဝေးမှာ ဆွေးနွေးသွားမှာဖြစ်ကြောင်း ကေအဲန် ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် က ပြောပါတယ်။
"ကျနော်တို့ ပေါင်းစည်းရေး အဖွဲ့လေးဖွဲ့ထဲမှာ ကျနော်တို့ ကေအဲန်ယူက ခေါင်းဆောင်တချို့ ပါတဲ့အခါကျတော့ ကျနော်တို့ မကြာခင် အောက် တိုဘာလ နောက်ဆုံးအပတ်မှာ ကေအဲန်ယူရဲ့ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပမှာဖြစ်ပါတယ်၊ ကျနော်တို့ ရဲဘော်ရဲဘက်တွေဖြစ်တယ်၊ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်၊ ကျနော်တို့ မျက်နှာစုံညီအစည်းဝေးမှာ ကျနော်တို့ ညှိညှိနှိုင်းနှိုင်းနဲ့ အေးအေးချမ်းချမ်း တွေ့ဆုံပြီးတော့ အမြင်မတူတာလေးတွေကို ညှိနှိုင်းသွား မှာဖြစ်တယ်၊ ကရင့်တော်လှန်ရေးရဲ့ အခြေခံဒေသတစ်နေရာမှာ ကျနော်တို့လုပ်မှာဖြစ်ပါတယ်"
ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KNLA ၊ KNDO ၊ DKBA ၊ KNU/KNLA-PC အမည်တွေ နဲ့ ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း မနေ့က ထုတ်ပြန်ခဲ့တာပါ။ အဲဒီ ထုတ်ပြန်ချက်မှာ ကော်သူးလေ တပ်မတော်အနေနဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတစ်ခုခုကို ထိပါးတိုက်ခိုက်မယ်ဆိုရင် ဝိုင်းဝန်းဖြေရှင်းမှာဖြစ်ကြောင်း ပါရှိပါတယ်။
ဒါ့အပြင် ကော်သူးလေတပ်မတော် KAF ဟာ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
KNU ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်ရဲ့ သဘောထားကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
KNLA ၊ KNDO ၊ DKBA ၊ KNU/KNLA-PC အမည်တွေနဲ့ ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုမိုးကျော် သတင်းပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။