ကော်ယော်လူမျိုးစု လူငယ်များ ပထမအကြိမ်ညီလာခံ ကျင်းပ


2015.04.13
kawyaw-305.jpg ကယားပြည်နယ်က ကော်ယော်လူမျိုးစု အမျိုးသားလူငယ်တွေ ရဲ့ ပထမအကြိမ်ညီလာခံကို ဖရူဆိုမြို့နယ် ထိုခွီဆိုကျေးရွာမှာ ဧပြီလ ၁၁ ရက်နေ့က ကျင်းပစဉ်
Photo: Nay Thwae/RFA

ကယားပြည်နယ်က ကော်ယော်လူမျိုးစု အမျိုးသား လူငယ်တွေရဲ့ ပထမအကြိမ်ညီလာခံကို ဖရူဆိုမြို့နယ် ထိုခွီဆိုကျေးရွာမှာ ဧပြီလ ၁၁ ရက်နေ့ကစပြီး နှစ် ရက်ကြာကျင်းပခဲ့ပါတယ်။

ကော်ယော်လူမျိုးစု လူငယ်ဗဟိုကော်မတီ ထွက်ပေါ်လာ ဖို့နဲ့ လူမျိုးစုစည်းလုံးညီညွတ်မှုရှိဖို့အတွက် အခုလို ညီလာခံကျင်းပတာဖြစ်တယ်လို့ ကော်ယော်အမျိုးသား လူငယ် အဖွဲ့ ဥက္ကဌ ခွန်အန်ထော်နီ ကပြောပါတယ်။

"ကော်ယော်လူငယ်ကော်မတီတစ်ရပ် ခိုင်ခိုင်မာမာ ရှိလာဖိုပေါ့နော်၊ အရင်တုန်းက ကျနော်တု့ိရှိတော့ ရှိတယ်၊ ဒါပေမဲ့ မခိုင်မာဘူးပေါ့နော်၊ ကျနော်တို့ ခိုင်မာတဲ့ ဒီညီလာခံတစ်ခု ပြန်ထွက်လာဖို့ လုပ်ရခြင်းဖြစ်တာပေါ့၊ ကျနော်တို့မျိုးနွယ်စုတွေ က နေရာအနှံ့ပြန့်ကျဲနေတာပေါ့နော်၊ လူငယ်တွေအားလုံးက မသိကျဘူးပေါ့နော်၊ တစ်ဦးနဲ့တစ်ဦးပြန်တွေ့ ပြီးတော့မှ ရင်းနှီးခင်မင်မှုတွေ ပြီးတော့ ကိုယ့်မျိုးနွယ်စုရှိကြောင်း အဲ့လိုမသိကြဘူးပေါ့နော်၊ အဲ့လိုရည်ရွယ် ပြီးတော့ လုပ်ရခြင်းဖြစ်ပါတယ်"

ဖရူဆိုမြို့နယ် ထိုခွီဆိုကျေးရွာဟာ အရင်က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ ထိန်းချုပ်နယ်မြေဖြစ်ခဲ့ပြီး အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားခဲ့ရတဲ့ နယ်မြေဖြစ်ပါတယ်။အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်မရခဲ့တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရဖို့ ကြိုးစား သွားမယ်လို့ ညီလာခံတက်ရောက်လာသူတွေက ပြောပါတယ်။

ကော်ယော်လူမျိုးစုကို အင်္ဂလိပ်အစိုးရလက်ထက်စပြီး လက်ရှိအချိန်ထိ မနူးမနောဆိုပြီး သတ်မှတ်ခေါ်ဆိုနေတာဖြစ် တယ်လို့ သိရပါတယ်။ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ညီလာခံကို လူငယ် ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး ကော်ယော် လူငယ်တွေ ပြန်လည်ပေါင်းစည်းနိုင်ဖို့၊ ကော်ယော်နာမည်ကို နိုင်ငံတော်ကအသိအမှတ်ပြုရေး ကြိုးပမ်းဖို့ နဲ့ ကော်ယော်ဒေသဖံ့ွဖြိုးရေးဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ကော်ယော်လူမျိုးစုတွေဟာ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ နေထိုင်ကြပြီး လူဦးရေ ရှစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။