ကယားမှာ တိုက်ပွဲကြောင့် တစ်လအတွင်း အရပ်သားနှစ်ဦးသေ၊ ခုနစ်ဦး ဒဏ်ရာရ

RFA Burmese
2023.10.04
ကယားမှာ တိုက်ပွဲကြောင့် တစ်လအတွင်း အရပ်သားနှစ်ဦးသေ၊ ခုနစ်ဦး ဒဏ်ရာရ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
DMO-Local PDF

ကယားပြည်နယ်မှာ စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အောက်တိုဘာလ ၃ ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်တွေအကြား စက်တင်ဘာလ ၁၀ ရက်ကစလို့ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ဒီအတောအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ အတွင်း အရပ်သားခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံး၊ ထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ရေးသားထားတာ မရှိသလို KNDF ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒီအပြင် နေအိမ်သုံးလုံး၊ စာသင်ကျောင်းနှစ်ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခု ပျက်စီးခဲ့တယ်လို့ KNDF က ဖော်ပြပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း KNDF တပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့ပေမယ့် စစ်ကောင်စီဘက်က ၇၈ ဦး သေဆုံးခဲ့ တယ်လို့ KNDF က ဆိုထားပါတယ်။ ဒီသေဆုံးမှုတွေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် တာမရှိသေးသလို ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးမြင့်ကြည်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်တာ၊ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူ ၃၈၂ ဦးရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးရသူ ၁၄၂ ဦး စုစုပေါင်းအရပ်သား ၅၂၄ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။