အစိုးရကို အကြည်အညိုပျက်အောင်မလုပ်ဖို့ လွိုင်ကော်မှာ အမိန့်ထုတ်

နေမျိုးထွန်း
2020.05.05

အစိုးရကို အကြည်အညိုပျက်စေတဲ့ ပြောဆိုပြုမူတာတွေ မလုပ်ဖို့ လွိုင်ကော်မြို့မှာ ဒေသန္တရအမိန့်ထုတ်ပြန်ထား တဲ့အပေါ် ဒေသခံနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အစိုးရကို အကြည် အညိုပျက်စေတဲ့ အပြုအမူ ပြောဆိုတာတွေ မလုပ်ဖို့ မေလ ၃ ရက်နေ့က ဒေသန္တရအမိန့် ထုတ်ပြန်လိုက်တာပါ။

အဲဒီအမိန့်ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အားလုံးနဲ့ဆိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရမယ့်အချိန်မှာ ဒီလိုထုတ်ပြန်တာဟာ ဖိနှိပ်မှုတစ်ခုဖြစ်ပြီး လက်ခံနိုင်စရာမရှိဘူးလို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် ကိုဒီးဒီက ပြောပါတယ်။

“ဒီလို ထုတ်တာက အစိုးရအနေနဲ့ သဘောထားမမှန်ဘူး ဒါဖိနှိပ်မှုတစ်ခုပဲ။ နောက်အားလုံးနဲ့ဆိုင်တဲ့ Covid 19 ကာကွယ် လုပ်ဆောင်ရမယ့်အချိန်မှာ ဒီလို ထုတ်တယ်ဆိုတာက ဒါလက်ခံနိုင်စရာမရှိဘူး။ မလုပ်သင့်မလုပ် ထိုက်တဲ့ကိစ္စဖြစ်တယ်။”


နိုင်ငံတော်အစိုးရအဖွဲ့အစည်းတွေအပေါ် အကြည်ညိုပျက်စေတဲ့ အပြောအဆိုတွေကို ရပ်ကွက်/ကျေးရွာအုပ်စု ဧရိယာနယ်နိမိတ်အတွင်း အသံချဲ့စက်ကိရိယာတွေ အသုံးပြုပြီးဖြစ်စေ၊ အသုံးမပြုဘဲဖြစ်စေ ပြောဆိုခြင်းမပြုရ၊  အကြည်ညိုပျက်စေမယ့် ဥပဒေနဲ့ မညီညွတ်တဲ့ အရေးအသား၊ ရုပ်ပုံ၊ ပိုစတာ၊ ဗီနိုင်း၊ စတဲ့ အမှတ်အသားတစ်ခုခု ကို ဘယ်နေရာမှ မပြုလုပ်ရ စတာတွေအပါအဝင် အချက် ၁ဝ ချက်ကို အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ အများပြည်သူ့အတွက် ရှေးရှုပြီး ထုတ်ပြန်တာဖြစ်လို့ အဲဒီစည်းကမ်းချက်တွေကို တိတိကျကျ မလိုက်နာရင်ဆောင်ရွက်ဖို့ ပျက်ကွက်ရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မှားခြင်း မှန်ခြင်းကို မပြောလိုဘဲ အားလုံးမျှတမှုရှိဖို့လိုကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ က ပြောပါတယ်။

“ဒါလွန်ကျွံတယ်၊ မလွန်ကျွံဘူးဆိုတာတော့ ကျွန်မတို့က မပြောလိုဘူး။ သို့သော်လည်း လွန်တယ်ဆိုရင် လွန်အောင် လုပ်တဲ့သူက အမှားပေါ့။ ဒါပေမဲ့ လွန်တယ်လို့လည်း မစွပ်စွဲချင်ဘူး။ မလွန်ဘူးလို့လည်း မပြောချင်ဘူး။ ဒါကအားလုံးမျှတဖို့တော့လိုတယ်လေ”


ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကတော့ ဒီကြေညာချက်မှာပါတဲ့ တချို့အချက်တွေဟာ ကျယ်ပြန့် ပြီး လိုရင်လိုသလို အဓိပ္ပါယ်ဖွင့်အရေးယူနိုင်တဲ့ အချက်တွေပါဝင်တာကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် သတင်းတွေရရှိခွင့်တွေကို ထိခိုက်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“ဒီကြေညာချက်ထဲမှာပါတဲ့ တချို့အချက်တွေက အရမ်းကို ကျယ်ပြန့်တယ်။ လိုရင်လိုသလို အဓိပ္ပါယ်ဖွင့်နိုင်မယ့် အရာမျိုးဖြစ်သွားနိုင်တယ်။ ဥပမာ အဲဒီမှာ ဖော်ပြထားတဲ့ နိုင်ငံတော်နဲ့ နိုင်ငံတော်အစိုးရအဖွဲ့အစည်းတွေကို အကြည်အညိုပျက်စေတဲ့ စကားမျိုးဆိုတာ အဓိပ္ပါယ်သေချာဖွင့်ထားတာမရှိဘူး။ ဒီအပေါ်မှာ ကိုယ်ကြိုက်သလို အဓိပ္ပါယ်ဖွင့်ပြီးတော့ ဒါကိုတော့ အကြည်အညိုပျက်စေတယ်ဆိုပြီး လိုတာထက်ပိုပြီး အရေးယူမှာ နောက်ပြီး တော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းတွေရရှိခွင့်ကို သွားပြီးထိခိုက်မှာ ကျွန်တော်စိုးရိမ်တယ်ဗျ”


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကတော့ ဒါဟာ ပြည်နယ်စီမံခန့်ခွဲမှု မူဝါဒတွေနဲ့အညီ စီမံ လုပ်ဆောင်တာဖြစ်ပြီး တခြားဘာမှ ပြောစရာမရှိဘူးလို့ RFA ကို ပြောပါတယ်။

“ဒါဟာ ပြည်နယ်စီမံခန့်ခွဲမှု မူဝါဒတွေနဲ့အညီ စီမံတာ တခြားဘာမှ ပြောစရာမရှိဘူးနော်”

တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ ကယားပြည်နယ်မှာလို အစိုးရကို အကြည်ညိုပျက်အောင် မလုပ်ဖို့ အမိန့်ထုတ်ပြန်သတိပေးတာမျိုး မတွေ့ရပါဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ဖြစ်ပွားနေမှုကြောင့် တိုင်းနဲ့ ပြည်နယ်တွေမှာ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားပြီး အဲဒီအမိန့်တွေကို မလိုက်နာတဲ့ သူတွေကို အမှုဖွင့် တရားစွဲဆိုထားပြီး ထောင်ဒဏ်တွေချမှတ် ထားတာတွေလည်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။