ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ သဘောတူညီမှုရရှိ


2019.02.12

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရေးကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီလူငယ်ခေါင်းဆောင်တွေ ဖေဖေါ်ဝါရီလ ၁၂ ရက် မနေ့ညနေပိုင်းမှာ သဘောတူညီမှုရရှိခဲ့ပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာ ဆန္ဒပြလူငယ်တွေအပေါ် တရားစွဲဆိုထားတွေ ရုပ်သိမ်းဖို့နဲ့ ဆန္ဒပြတာတွေ ရပ်ဆိုင်းဖို့၊ ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီနဲ့ ကန့်ကွက်သူကော်မတီတို့ ညီမျှတဲ့ဦးရေနဲ့ တလအတွင်း သီးခြားညှိနှိုင်းကြဖို့၊ ညှိနှိုင်းနေစဉ်အတွင်း ထောက်ခံကန့်ကွက်ပွဲတွေမလုပ်ဖို့၊  ရရှိတဲ့သဘောတူညီချက်တွေ အစိုးရက အကောင်အထည်ဖေါ်ပေးဖို့၊ အစိုးရပျက်ကွက်ရင် ကြေးရုပ်ကို သက်ဆိုင်ရာရုံးကို ပြန်လည်ရွှေ့ပြောင်းဖို့ သဘောတူညီခဲ့ကြပါတယ်။

အဲဒီသဘောတူညီချက်ကို ဆန္ဒပြ ဦးဆောင်ကော်မတီဝင် ခူးဦးရယ်နဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဝင်း  တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မနေ့မနက်က ဆန္ဒပြ ဒေသခံတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် ဆန္ဒပြသူ ၂၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သပိတ်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဒီအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီ က  ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ပြဿနာနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန်ပုံအပေါ် အံ့သြတုန်လှုပ် ကန့်ကွက်ရှုတ်ချကြောင်း ပြောလိုက်ပါတယ်။

အခုဖြစ်ရပ်ဟာ အစိုးရအနေနဲ့ နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကို ဖေါ်ဆောင်၊ နိုင်ငံကို စုစည်းရမယ့်အစား တိုင်းရင်းသားလူနည်းစုတွေကို ဘေးဖယ်ထားသလိုဖြစ်နေကြောင်း၊ ပြည်သူအားလုံးရဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခွင့်ကို လေးစားရမှာဖြစ်ပြီး၊ အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေအပေါ် သဘောထားအမြင်တွေကို ဖေါ်ထုတ်ခွင့်ပြုရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်သူတွေကို မသင့်မတော်အင်အားသုံးတာဟာ လုံး၀ လက်ခံနိုင်စရာမရှိကြောင်း လည်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။