ကယားပြည်နယ်မှာ သစ်ထုတ်မယ့်အစီအစဉ် ဝေဖန်ရှုတ်ချခံရ
2018.09.23
ကယားပြည်နယ်မှာ မြန်မာအစိုးရသစ်လုပ်ငန်းက ကြီးကြပ်ပြီး ကရင်နီအမျိုးသား လွတ်မြောက်ရေးတပ်ဦး KNPLF က ထိန်းချုပ်ထားတဲ့ သစ်တောဧရိယာထဲကနေ သစ်မာတန်ချိန် ၅ ထောင်ကျော် ထုတ်လုပ်ရောင်းချမယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ဆိုင်ရာအေဂျင်စီ EIA က ဝေဖန်ရှုတ်ချလိုက်ပါတယ်။
ဒီလိုသစ်ထုတ်လုပ်တာကို သစ်တောစီမံခန့်ခွဲမှုနဲ့ လုံးဝပတ်သက်မှုမရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ကြီးကြပ်မယ်လို့ သိရပါတယ်။
ဒီလို ထုတ်လုပ်ရောင်းချမယ့် သစ်တွေထဲမှာ ကျွန်းသစ်တန်ချိန် ၃ဝဝဝ ကျော်ပါမယ်လို့ သိရပါတယ်။
ဒီသစ်ထုတ်လုပ်မယ့် စီမံကိန်းဟာ ပွင့်လင်းမြင်သာမှုနည်းပြီး အစိုးရကိုယ်တိုင်ပြဋ္ဌာန်းထားတဲ့ သစ်တောပြုန်းတီးမှု ကာကွယ်စောင့်ရှောက်ရေး မူဝါဒအပေါ် အလေးအနက်မထား ချိုးဖောက်ရာရောက်တဲ့အကြောင်း၊ ဒီဒေသဟာ KNPP လက်နက်ကိုင်အဖွဲ့နဲ့ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသဖြစ်တာကြောင့် မတည်ငြိမ်တာတွေ ထပ်ပေါ်လာမှာကို စိုးရိမ်စရာလည်းရှိတဲ့အကြောင်း စက်တင်ဘာ ၁၉ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်တဲ့ EIA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။