ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးလေးဦး နုတ်ထွက်

2015.07.10
khinmaungoo-kayah-state-minister-620 ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး ကို တွေ့ရစဉ်
Photo: Nay Thwae/RFA

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးနဲ့ ပြည်နယ်ဝန်ကြီး ၄ ယောက် စုစုပေါင်း ၅ ယောက်ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီကနေ နုတ်ထွက်လိုက်ကြပြီး တချို့က ၂ဝ၁၅ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တာဝန်ကနေ နုတ်ထွက်လိုက်တဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးချစ်လှက တခြားနိုင်ငံရေးပါတီကို ကူးပြောင်းဖို့ အစီအစဉ်မရှိကြောင်း အခုလိုပြောပါတယ်။

"ဝန်ကြီးချုပ်ပါလို့ရှိရင် ၅ ယောက်ပေါ့နော်၊ ထွက်တာကတော့ ကိုယ်ဆန္ဒနဲ့ကို ပြောပြီးထွက်တာ ဒါပေမယ့် ရက်အားဖြင့်တိုသွားတာပေါ့နော်၊ ကျနော်တို့ပါတီမှာ ကိုယ်စားလှယ်တစ်နေရာအတွက်ဆိုရင် တစ်ယောက် နှစ်ယောက် သုံးယောက် ဒီလိုလုပ်ချင်ကိုင်ချင်ကြတဲ့ လူငယ်တွေလည်းရှိကြတယ်လေ၊ ရှိတဲ့အခါကျတော့ သူတို့ကိုလည်း နေရာပေးတဲ့အနေနဲ့ ထွက်ပေးတာပါ၊ တခြားပါတီဝင်ဖို့လည်း မရှိပါဘူး"

ကြံ့ခိုင်ရေးပါတီကနေ နုတ်ထွက်သွားသူတွေကတော့ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးချစ်လှ၊ လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦးစောဟူးဟူး၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ ကယားပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ဦးတို့ ဖြစ်ပါတယ်။

သူတို့ ၅ ဦးဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကယားပြည်နယ်အတွင်းကနေ ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း ပါတီကနေ မနုတ်ထွက်ခင်မှာ အဆိုပြုတင်ပြတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ် ပြီး မဲဆန္ဒနယ်မြေ သတ်မှတ်တာတွေကို ပါတီဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်ပြီး စီစဉ်နေတာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ဟာ ကယားပြည်နယ် ဘောလခဲမြို့နယ်နဲ့ တခြား မြို့နယ်တစ်ခုကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီဗဟိုထံတင်ပြရာမှာ ဗဟိုက ခွင့်မပြုထားဘူးလို့လည်း သိရပါတယ်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ ကယားပြည်နယ် ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ နုတ်ထွက်လိုက်ကြောင်း သတင်းတွေထွက်ပေါ် လာတဲ့တချိန်တည်းမှာ လက်ရှိကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၄ ဦးကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က နှုတ်ထွက်သွားခဲ့တယ်လို့သိရပါတယ်။ အခုလို နှုတ်ထွက်သွားခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်မှုတွေအမျိုးမျိုး ထွက်ပေါ်လာနေပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။