အရည်အသွေးမမီတဲ့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေကို အရေးယူပေးဖို့ ဝန်ကြီးချုပ်ထံတင်ပြ


2018.10.14
kayah-parliamant-committee-622.jpg ကယားပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီက တင်ဒါခေါ် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေကို စစ်ဆေးစဉ်
ဓာတ်ပုံ - ပြည်သူ့ငွေစာရင်းစစ်ဆေးရေး

ကယားပြည်နယ်အစိုးရရဲ့ တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီတွေထဲက အရည်အသွေးမပြည့်မီဘဲ ဆောက်ရွက် ထားတဲ့ ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေကို အရေးယူပေးဖို့ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပြည်နယ် လွှတ်တော်က တင်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၆လ အတွင်း ဘတ်ဂျက်ချထားပေးပြီး တင်ဒါခေါ် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေကို ကယားပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီက စစ်ဆေးခဲ့ရာမှာ လမ်းဖောက်လုပ်တာ၊ အားကစားရုံတည်ဆောက်တာ၊ ဖုန်းတာဝါတိုင်ထောင်တာ စတဲ့ လုပ်ငန်းတွေမှာ စံချိန်စံညွှန်းမပြည့်မီတာတွေကို တွေ့ရှိခဲ့တယ်လို့ လွှတ်တော်ရဲ့ ကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။

ပြည်နယ်အစိုးရဘက်က အရေးယူဆောင်ရွက်မှုတွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး တစ်စုံတစ်ရာ ထူးခြားမှုမရှိရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ဆက်လက်တိုင်ကြားသွားမယ်လို့လည်း ပြောပါတယ်။

အရည်အသွေးမပြည့်မီကြောင်း စစ်ဆေးတေ့ွရှိခဲ့တာတွေက ကတ္တရာလမ်းခင်းရာမှာ ကျောက်စီရမယ့်နေရာတွေမှာ ဘိလပ်မြေအိတ်နဲ့ သဲကျောက်ကြမ်းတွေထည့်ပြီး စီထားတာ၊ မြေကာနံရံအလျားက သတ်မှတ်ပေထက် နှစ်ပေလျော့ နည်းနေတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တယ်လီဖုန်းတိုင်တွေကို မြေကြီးထဲကို စိုက်ပြီး ကွန်ကရစ်မလောင်းဘဲ မြေပေါ်မှာသာ ကွန်ကရစ်လောင်း ထားတာတွေကို စစ်ဆေးတေ့ွရှိခဲ့တယ်လို့ ကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း လွိုင်ကေ်ာမြို့၊ ဒေါဥခူရပ်ကွက်က ပြည်နယ်အားကစားရုံ တည်ဆောက် ရာမှာ တာဝန်ယူတည်ဆောက်ပေးတဲ့ ကုမ္ပဏီဟာ တင်ဒါခေါ်စဉ်က သဘောတူထားတဲ့ ပုံစံအတိုင်းမဟုတ်ဘဲ စည်းကမ်းချိုးဖောက်ပြီး အရည်အသွေးမပြည့်မီဘဲ ဆောက်လုပ်ခဲ့တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

အဲဒီစီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့ ကုမ္ပဏီတွေကတော့ Global Good Pure Group ကုမ္ပဏီ၊ ညွှန့်ကြည်သာ လမ်းတည်ဆောက်ရေးလုပ်ငန်း၊ Ocean Wave Communication ကုမ္ပဏီ၊ နန်းအေးရိပ် ကုမ္ပဏီတို့ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကယားပြည်နယ် လွှတ်တော်အစည်းအဝေးမှာ တင်ဒါသတ်မှတ်ချက်စာချုပ်ပါ စည်းကမ်းတွေအတိုင်း အရည်အသွေးပြည့်မီစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ မလုပ်ဆောင်နိုင်တဲ့ ကုမ္ပဏီတွေကို ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူပေးဖို့ ပြည်နယ်အစိုးရထံ တိုက်တွန်းကြောင်း အဆို လွှတ်တော်မှာ အောင်မြင်ခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။