အမတ်တစ်ဦးကို တရားစွဲမယ်လို့ ကယားလွှတ်တော်ဥက္ကဋ္ဌ ပြော

စိုးစိုးထက်
2020.10.08

ဦးအယ်လ်ဖောင်းရှိုကို ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားရေးအတွက် ကယားပြည်နယ် လွှတ်တော်အတွင်း ကြိုးပမ်းချက်က အထမြောက်သွားပေမယ့် နောက်ဆက်တွဲပေါ်ပေါက်နေတဲ့ ဖြစ်ရပ်တွေကတော့ မပြီးဆုံးသေးပါဘူး။

ဝန်ကြီးချုပ်ကို ရာထူးကနေဖယ်ရှားရေးအတွက် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်တဲ့ ငါးဦးထဲမှာ လက်မှတ်ကို ပြန်ရုပ်သိမ်းခဲ့သူ  ဒီးမော့ဆို မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်ကို တရားစွဲမယ်လို့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောထားပါတယ်။

စွပ်စွဲပြစ်တင်တဲ့အဖွဲ့ထဲကနေ နုတ်ထွက်ခဲ့တဲ့ဖြစ်ရပ်ဟာ လွှတ်တော်ပုံရိပ်ကို ထိခိုက်စေခဲ့တာကြောင့် တရားစွဲဆိုသွားမယ်လို့ အောက်တိုဘာလ ၆ ရက်နေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက ပြောလိုက်တာပါ။  

“ ဦးသိန်းအောင်ကို ကျနော် တရားစွဲမှာပါ၊  မကြာခင်လေ။ ပွင့်ပွင့်လင်းလင်း ပြောတာပါ၊ မကြာခင် လုပ်မှာပါ။ ကျနော်ကလည်း ပြောလည်းပြောမယ်၊ လုပ်လည်းလုပ်မယ်”

ပြင်းထန်ထဲပုဒ်မ ၃ ခုနဲ့  တရားစွဲမယ် ဆိုပေမယ့် ဘယ်ပုဒ်မတွေလဲ ဆိုတာကိုတော့  ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

စွပ်စွဲပြစ်တင်ရာမှာ စွပ်စွဲသူက ကယားပြည်နယ် လွှတ်တော်အတွင်း ကိုယ်စားလှယ် လေးပုံတစ်ပုံ၊ အရေအတွက် အားဖြင့် ငါးဦးရှိမှသာ ဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရမှာဖြစ်ပါတယ်။ စွပ်စွဲသူ အရေအတွက် လေးဦးပဲ ရှိခဲ့ချိန်မှာ ဆက်လက် စုံစမ်းခဲ့ခြင်းဟာ အငြင်းပွားစရာ ဖြစ်လာနေတဲ့ ဒီအမှုကို ရှင်းပေးဖို့ ဝန်ကြီးချုပ်ဟောင်းက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်ပြထားရာမှာ ခုံရုံးက အောက်တိုဘာ ၆ ရက်နေ့မှာ ကြားနာခဲ့ ပါတယ်။

အခုလို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကနေ ပြည်နယ်လွှတ်တော် အမတ်တစ်ဦးကို ပြန်တရားစွဲနိုင်တဲ့ အခြေအနေ ရှိ၊ မရှိ ဆိုတာ နုတ်ထွက်စာမှာ ရေးသားထားချက်အပေါ် မူတည်တယ်လို့ ကယားပြည်နယ်အခြေစိုက် ဥပဒေပိုင်း ဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်တဲ့ Law Home အဖွဲ့က အထက်တန်းရှေ့နေ ဦးကျော်ဝဏ္ဏအောင်က ပြောပါတယ်။

“သူ့ဆီပြန်ပို့လိုက်တဲ့စာပေါ့ အဓိက နုတ်ထွက်ကြောင်းစာမှာ ဘာတွေရေးထားလဲ ဆိုတဲ့အပေါ်မှာ အဓိက ကျတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရေးထားတဲ့စာပေါ် မူတည်ပြီးတော့မှ စွဲလို့ရမယ်လို့ ကျနော် သုံးသပ် ပါတယ်”

ဦးသိန်းအောင် ခေါ် ဦးစဲရယ်ကို တရားစွဲမယ် ဆိုပေမယ့်လည်း  ခုံရုံးအမှုက မပြီးပြတ်သေးဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး ဦးမုံရွာအောင်ရှင်က ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေဥပဒေအနေနဲ့ ခုံရုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ ဦးလှထွေးကိုခေါ်ပြီး မေးတာမြန်း တာရှိတယ်လေ။ အဲကိစ္စကို မပြီးပြတ်သေးဘဲနဲ့ ဦးလှထွေးအနေနဲ့ ဦစဲရယ်ကို တရားစွဲလို့ အဆင်မပြေဘူးလို့ ကျနော်ထင်တယ်။ ပထမအမှု မပြီးပြတ်သေးပဲနဲ့ လုပ်လို့မရဘူးလို့ ကျနော်ထင်တယ်”

အခုလို ကယားပြည်နယ်လွှတ်တော်ကနေ ဝန်ကြီးချုပ်ကို ဖြုတ်ချလိုက်တဲ့ကိစ္စကို ခုံရုံးကနေ ကြားနာချိန် ရှေ့နေချုပ်ကနေပြီး လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူး ဆိုတာပြောသွားပေမယ့် နောက်ဆုံးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာကျင့်သုံးရမှာဖြစ်တယ် လို့ ဦးကျော်ဝဏ္ဏအောင်က ပြောပါတယ်။

"ကယားပြည်နယ်လွှတ်တော်က ကျနော် သုံးသပ်မိတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်ပါ၊ ပုဒ်မ၂၆၃ (က)(ခ)(ဂ)(ယ)(င)အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြစ်တယ်ပေါ့။ ဒါပေမဲ့ အဲဒီအကြောင်းကို ရှေ့နေချုပ်ရုံးကနေပြီးတော့ မပြောထားဘူး။ အဓိကကတော့ နည်းဥပဒေ ဥပဒေ လိုက်နာကျင့်သုံးခြင်း မရှိဘူးဆိုတဲ့အပေါ်မှာပဲ သုံးသပ်သွားတယ်။ နည်းဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ယှဉ်လာမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမယ်၊ လိုက်နာကျင့်သုံးရမယ်ဆိုတာ ရှိပြီးသားပဲ။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၈ မှာဆိုလည်း ဘာပြဌာန်းထားလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိပ္ပါယ် ဖွင့်ဆိုဖို့အတွက် လမ်းညွှန်ဖြစ်တယ်ပေါ့။ စံဖြစ်တယ်ပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဖွင့်ဆိုရမယ်၊ လိုက်နာကျင့်သုံးရမယ်"

ခုံရုံးကြားနာမှုကို အပြီးသတ်ဆုံးဖြစ်ချက်ချမယ့်နေ့ရက်နဲ့ အချိန်ကို ခုံရုံးအင်တာနက်စာမျက်နှာမှာ ထပ်မံထုတ် ပြန်ပေးသွားမယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်အစိုးရရဲ့ စက်ယန္တာယားငှားရမ်းခငွေ ကျပ်သိန်းပေါင်း လေးထောင်ကျော်နဲ့ အများပိုင်ပြည်သူမြေကို ငှားရန်းထားတဲ့ငွေတွေကို အလွဲသုံးစားမှုနဲ့ ပြည်နယ်လွှတ်တော် ကနေ စုံစမ်းစစ်ဆေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကနေ ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။

ဒီလိုဖြုတ်ချခြင်းဟာ ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းမှာ မပါဝင်တဲ့သူတွေ ပူးပေါင်းပြီး အာဃာတနဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ NLD က စွပ်စွဲထားတာပါ။

ဦးအယ်လ်ဖောင်းရှိုကလည်း သူ့ကို စွပ်စွဲပြစ်တင်ထားတာတွေနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း၊ သူ့ကို ဖယ်ရှားဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာဟာ အင်အားရှိသူတွေက မတရား ဆောင်ရွက်ခဲ့တာဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ အားနည်းချက်ကြောင့်ဖြစ်ကြောင်း RFA ကို ပြောထားပါတယ်။

အငြင်းပွားဖွယ် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စီမံကိန်း၊ ငွေကြေး အလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဦးအယ်လ်ဖောင်းရှိုကို ပါတီက ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် နေရာတွေကို တာဝန်ပေးအပ်ခြင်း မရှိခဲ့ပါဘူး။ သူ့ကို လာမယ့် ရွေးကောက်ပွဲမှာ မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေပဲ ပြန်လည်ယှဉ်ပြိုင်ဖို့ တာဝန်ပေးထားပါတယ်။

ရွေးကောက်ပွဲမှာ NLD က ပြည်ထောင်စုအစိုးရ ဖွဲ့နိုင်တဲ့အထိ အနိုင်ရပြီး ဦးအယ်လ်ဖောင်းရှိုကလည်း သူ့မဲဆန္ဒနယ်မှာ အနိုင်ရမယ်ဆိုရင် လာမယ့် ကယားပြည်နယ်မှာ သူရရှိမယ့် အမြင့်ဆုံးနေရာတွေကတော့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တာဝန်နဲ့ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနေရာတို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။