ဗိုလ်ချုပ်ကြေးရုပ် နေရာရွှေ့ပေးဖို့ သပိတ်စခန်းဖွင့်တောင်းဆို


2019.02.03
kayah-protest-622.JPG ဗိုလ်ချုပ်ကြေးရုပ်ကို အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာကနေ ရွှေ့ပြောင်းပေးဖို့ ကယားပြည်နယ် လွိုင်ကော်မြို့ NLD ပြည်နယ်ရုံးရှေ့မှာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က သပိတ်စခန်းဖွင့်ခဲ့စဉ်
ဓာတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF

ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနေ့က ဖွင့်လှစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာ ကနေ ရွှေ့ပြောင်းပေးဖို့နဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကို NLD ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေထံ တင်ပြတိုင်ကြားခွင့်ပေးဖို့ လူငယ် ၃၀ လောက်က ဒီနေ့မနက်ကစပြီး သပိတ်စခန်းဖွင့် တောင်းဆိုလိုက်ပါတယ်။

မနေ့ညကတည်းက တွေ့ဆုံခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ ကရင်နီပြည် လူငယ်အင်အားစုက လူငယ် ၃၀ လောက်ဟာ ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးရှေ့မှာ သပိတ်စခန်းဖွင့်လိုက်တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တချို့ လွိုင်ကော်မြို့ကို ရောက်ရှိနေတာကြောင့် ကယားလူငယ် ၃၀ လောက်က တွေ့ဆုံခွင့်ရဖို့ မနေ့ကစပြီး ပြည်နယ်ပါတီရုံးရှေ့မှာ စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။

ဒီနေ့မနက်အထိ တွေ့ခွင့်မရတာကြောင့် ပြည်နယ် NLD ပါတီရုံးရှေ့မှာ သပိတ်စခန်းဖွင့်လိုက်တာပါ။

"မနေ့ညက လာတွေ့ဆုံတာလည်း မရှိဘူး၊ အကြောင်းပြန်တာလည်း မရှိဘူး၊ အဲ့ဒါကြောင့် ကျနော်တို့ ပြည်နယ် NLD ရုံးရှေ့မှာ သပိတ်စခန်းဖွင့်လိုက်ပါတယ်။ ကျနော်တို့က ဒီကြေးရုပ်ကို ပြန်ရွေ့ပေးဖို့တောင်းဆိုမယ်၊ အများနဲ့ သက်ဆိုင်တဲ့နေရာမှတော့ မထားခိုင်းစေချင်ဘူး၊ အကယ်လို့ NLD ကလိုချင်တယ်ဆိုရင် သူတို့ ပြည်နယ်ရုံး ထဲမှာပဲထားထား ပရဟိတအဖွဲ့တွေ လိုချင်တယ်ဆိုရင် ပရဟိတနဲ့ သက်ဆိုင်တဲ့ ခြံဖြစ်ဖြစ် နေရာမှာဖြစ်ဖြစ်ထားဖို့ တောင်းဆိုသွားမယ်။ နောက်တစ်ခုက လက်ရှိပြည်နယ်အစိုးရရဲ့ အလွဲအမှားတွေကို ကျနော်တို့ ပြောမယ်၊ ပြီးရင် အရပ်ဖက်အဖွဲ့အစည်းတွေကို ဖိနှိပ်တာတွေကို ပြောမယ်"

ကရင်နီပြည် လူငယ်အင်အားစုက ကိုဒီးဒီး ပြောသွားတာပါ။

လွိုင်ကော်ကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကို RFA က ဒီနေ့မနက် ဆက်သွယ်မေးမြန်းရာမှာတော့ လွိုင်ကော်ကို တခြားကိစ္စတစ်ခုနဲ့ ရောက်ရှိနေတာဖြစ်ကြောင်း ကရင်နီ လူငယ်တွေ ပါတီရုံးရှေ့မှာ လာရောက်တောင်းဆိုနေတာကို မသိရှိကြောင်း ပြောပါတယ်။

"ကျနော်တို့လာတဲ့ကိစ္စက တခြားကိစ္စတစ်ခုနဲ့လာတာပါ၊ အခု အဲဒီကိစ္စပြီးလို့ ကျနော်တို့ ပြန်ပါတော့မယ်၊ ကျနော်တို့ဆီကို လာပြီးတော့ တွေ့မယ်၊တင်ပြမယ်ဆိုရင်တော့ လက်ခံပြီးတော့ တွေ့ဆုံမှာပါ၊ ကျနော်တို့ အခုလာတာ ဒီကိစ္စမဟုတ်တဲ့အတွက် ကျနော်တို့လာရင်းကိစ္စပြီးရင် ပြန်တာပဲ၊ မီဒီယာမှာတွေ့တာပဲရှိတယ်၊ မတွေ့ရသေးပါဘူး၊ ကျနော်တို့ ဒီအတွက် လာတာမဟုတ်ဘူး၊ ကျနော်တို့လာရင်းကိစ္စအတွက် တောက်လျှောက် အလုပ်လုပ်နေတာ ကျနော်တို့ ကိစ္စနဲ့ပဲ ကျနော်တို့ အလုပ်ရှုပ်နေတာ"

ဒေသခံတစ်ချို့ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားက လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် ထောက်ခံပွဲနဲ့ ဖွင့်ပွဲအခမ်းအနားကို မနေ့က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

မနေ့က ဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ကယားပြည်နယ်အစိုးရကတော့ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာဟာ ပြည်နယ်အစိုးရက ဦးစီးဆောင်ရွက်တာ မဟုတ်ဘဲ ပြည်နယ်အတွင်းက ပရဟိတ အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတချို့ပါဝင်တဲ့ ဗိုလ်ချုပ်ကြေး ရုပ်ဖြစ်မြောက်ရေး ကော်မတီက ဦးဆောင် ဆောင်ရွက်တာဖြစ်ကြောင်း မီဒီယာတွေကို ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် စုစုပေါင်း ကရင်နီ လူငယ် ၄၀ နီးပါးဟာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)(ဂ)တို့နဲ့ တရားစွဲဆိုခံထားရပါတယ်။

ကန့်ကွက်မှုတွေ ကြားက ဖွင့်ပွဲ ကျင်းပပြီး ဗိုလ်ချုပ်ကြေးရုပ် ထားရှိတဲ့အပေါ် ကယားပြည်နယ်အစိုးရ၊ NLD ပါတီနဲ့ ကယားဒေသခံတွေအကြား သဘောထားတင်းမာမှုတွေ ရှိနေတဲ့အကြောင်း ကြားခဲ့ရတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင်ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။