ကယားနဲ့ ရှမ်းတောင်မှာ နှစ်နှစ်ကျော်အတွင်း အရပ်သား ၄၅၂ ဦးသေဆုံး

RFA Burmese
2023.05.01
ကယားနဲ့ ရှမ်းတောင်မှာ နှစ်နှစ်ကျော်အတွင်း အရပ်သား ၄၅၂ ဦးသေဆုံး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ဖယ်ခုံမြို့ရှိ ဆောင်းဖွေးဆေးပေးခန်းအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ နှစ်နှစ်ကျော် (၂၆ လ) အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ်နဲ့ ကယားပြည်နယ်မှာ အရပ်သား ၄၅၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၃၁၈ ဦးရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးသွားသူ ၁၃၄ ဦး ရှိတယ်လို့ တိုက်ပွဲနဲ့ အရပ်သားထိခိုက်မှုတွေကို လစဉ်မှတ်တမ်း တင်နေတဲ့ PKPF ဘက်က ပြောပါတယ်။

“စစ်ဘေးရှောင်ရင်း သေဆုံးသွားသူတွေထဲမှာဆိုရင် စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးသူတွေလည်း ပါတယ်ပေါ့နော်။ နောက်တစ်ခုက စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့ အချိန်မှာ စစ်ရှောင်စခန်းမှာ ကျန်နေတဲ့သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာလည်း ပါတယ်၊ ပြီးရင် ဆေးဝါးမလုံလောက်လို့ အချိန်မီ ဆေးမကုနိုင်ဘဲ သေဆုံးသွားသူတွေလည်း ဒီစာရင်းထဲမှာပါတယ်”

နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ အကြား တိုက်ပွဲပေါင်း (၆၆၃) ကြိမ်ဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၂၅၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း ၁၉၉၅ ဦးအထိ သေဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပေမယ့် ဒီအရေအတွက်အပေါ်  RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း တော့ မရှိသေးပါဘူး။

ကယားပြည်နယ်အတွင်းက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အသေးစိတ်ထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု (၃၆၃) ကြိမ် ပြုလုပ်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်ခဲ့တာကြောင့် ဘာသာရေးအဆောက်အအုံ ၃၄ လုံး၊ ဆေးရုံဆေးခန်းနဲ့ အရပ်သားနေအိမ် ၁၄၉၇ လုံး ပျက်စီးခဲ့တယ်လို့ PKPF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းနှစ်နှစ်ကျော် (၂၆ လ) အတွင်း ဖမ်းဆီးခံထားရသူ ၂၇၉ ဦးအထိရှိပြီး အဲဒီအထဲမှာ သေဒဏ် ချမှတ်ခံရသူသုံးဦးနဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ လေးဦး ပါဝင်တယ်လို့ PKPF က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။