ကရင်ပြည်နယ် ဝန်ကြီးချုပ်ကို ဘယ်လိုထပ်မံ ဖမ်းဆီးသွားခဲ့သလဲ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်တပ်အရာရှိ နှစ်ဦး ဦးဆောင်ကာ မနေ့က ထပ်မံ ဖမ်းဆီးသွားပါတယ်။
တပြိုင်တည်းမှာပဲ ဖေဖော်ဝါရီလ ၁ရက် နေ့ကတည်းက ဖမ်းဆီးထားတဲ့ တခြား NLD ခေါင်းဆောင်တချို့ကို အခုအထိ ပြန်လွှတ်ပေးခြင်းနဲ့ ရုံးတင်စစ်ဆေးခြင်း မရှိသလို ဘယ်နေရာဒေသမှာ သူတို့ကို ဖမ်းဆီးထားတယ်ဆိုတာလည်း စစ်အစိုးရက ထုတ်ဖော်ပြောကြားခြင်း မရှိတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေပါတယ်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အကျယ်ချုပ်ချထားတဲ့ အစိုးရနေအိမ်ကနေ မနေ့ကနေ့လည်ပိုင်းမှာ စစ်တပ်က နောက်တကြိမ်
ထပ်မံ ဖမ်းဆီးသွားပါတယ်။ စစ် အရာရှိ ၂ ဦး ဦးဆောင်ပြီး လာရောက် ခေါ်ဆောင်သွားတယ်လို့ သူ့ ခင်ပွန်း ဦးသန့်ဇင် က RFA ကို ပြောပါတယ်။
အဲဒီလို လာရောက်ဖမ်းဆီးသူတွေက သူတို့အိမ်သားအားလုံးထံက တယ်လီဖုန်းတွေကို သိမ်းဆည်းယူဆောင်သွားတယ်လို့လည်း ဦးသန့်ဇင် ကပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတဲ့ NLD ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ
မုံရွာအောင်ရှင်ရဲ့ ဇနီး ဒေါ်ကေသွယ်မိုး ကလည်း သူ့ခင်ပွန်းကို ၂၄နာရီထက် ကျော်လွန်ပြီး ဥပဒေမဲ့ဖမ်းဆီးထားတဲ့အတွက် စိုးရိမ်ပူပန် နေရတယ်လို့ RFA ကို ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအစိုးရ အဖွဲ့ဝင်တွေအပြင် NLD ပါတီ ခေါင်းဆောင်တွေကို ပုဒ်မ မျိုးစုံနဲ့ ဖမ်းဆီးအပြစ်ပေးပြီး NLD ပါတီကိုပါ အပြီးအပိုင်ဖျက်သိမ်းထဲ့အထိ အာဏာရှင်တွေက ဆောင်ရွက်လာနိုင်ဖွယ်ရှိတယ်လို့ မြန်မာ့နိုင်ငံရေး အသိုင်းအဝန်းမှာ ပြောဆိုနေကြပါတယ်။