ဒုက္ခသည်စခန်းက ကျောင်းသား စာရင်း ကောက်ယူ
2017.07.30

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံမှုကနေ ရရှိထားတဲ့ သဘောတူညီချက် တစ်ရပ်အရ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်း ၁၀၀ ကျော် က အခြေခံပညာ အဆင့် ကျောင်းသူကျောင်းသားတွေ အစိုးရကျောင်းတွေမှာ ပြောင်းရွှေ့ တက်ရောက်နိုင်ရေး အတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က စာရင်းကောက်ယူနေပါတယ်။
လာမယ့် သြဂုတ်လဆန်းလောက်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးထံ ပေးပို့နိုင်ဖို့အတွက် စာရင်းကောက် ယူနေတာဖြစ်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောပါတယ်။
"ကျနော်တို့ ဒီတပတ်ပေါ့ နက်ဖြန်၊ သန်ဘက်ခါလောက်တော့ အပြီးကောက်ဖို့ ပြောထားတယ်။ အဲဒါ စာရင်း အတိအကျကို ကျနော်တို့ တင်ပြ ရမှာ ဖြစ်တယ်။ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ရယ် နောက်ပြီးတော့မှ ဒီ သူတို့အဲကနေပြန်ပြီးတော့မှ စီမံခန့်ခွဲမယ်ထင်တယ်။ ကျနော်တို့တော့ အတိုင်ပင်ခံရုံးကို ပို့မှာဖြစ်တယ်။ ကျနော်တို့က ၂၄ ရက်နေ့ တွေ့ဆုံပြီးတဲ့နောက် ၂၆ လောက်ကနေပဲ စကောက်ပါတယ်"
နယ်စပ်ဒုက္ခသည်စခန်းက ကျောင်းသူကျောင်းသားတွေအနေနဲ့ မှတ်ပုံတင်မရှိတာ၊ ကျောင်းပြောင်း ထောက်ခံစာ မရှိတာနဲ့ ပညာအရည်အချင်းသတ်မှတ်ချက် ကွာဟချက်တွေကြောင့် အစိုးရကျောင်းတွေ ကို သွားရောက် ပညာသင်ကြားလိုပေမယ့် ကျောင်းတွေက လက်မခံတာတွေ ရှိနေတယ်လို့ ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကတာဝန်ရှိသူတွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ရာမှာ KBC ရဲ့ တာဝန်ရှိသူတွေက ဒုက္ခသည်စခန်းတွေက ကျောင်းသူကျောင်းသားတွေ ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး အခက်အခဲရှိနေတာတွေ ကို တင်ပြခဲ့တာဖြစ်ပါတယ်။
ဒုက္ခသည်စခန်းက ကျောင်းသူကျောင်းသားတွေ အစိုးရကျောင်းတွေမှာ ပြောင်းရွှေ့ပညာ သင်ကြားလိုတဲ့အခါ အတန်းပညာအဆင့်သတ်မှတ်နိုင်ရေးအတွက် ဝင်ခွင့်ဖြေဆိုခိုင်းပြီး ကျောင်းအပ်လက်ခံနိုင်ဖို့ ပညာရေး ဝန်ကြီးဌာနအနေနဲ့ အမြို့မြို့အနယ်နယ်က အခြေခံပညာ ကျောင်းတွေအရောက် ညွှန်ကြားစာ ထုတ်ပြန်ပေးဖို့ လိုအပ်တယ် လို့ ဒေါက်တာခလမ်ဆမ်ဆွန် က ပြောပါတယ်။