ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်တောင်းဆို

RFA Burmese
2023.04.17
ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်တောင်းဆို ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ဂျော်ဘွမ်ဆုတောင်းတောင်တွင် ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းနေသူတချို့။
Kachin-KBC

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန် ကို ထောင်ဒဏ်ချမှတ်ခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ အမေရိကန်ကလည်း ရှုတ်ချကြောင်း၊ သူ့ကို ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန် မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ - ၁၇ (၁) အတွက် ထောင်နှစ်နှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅ဝ၅ (က) အတွက် ထောင် ၁ နှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒ ပုဒ်မ - ၅၂ (က) အတွက် ထောင် သုံးနှစ်၊ စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ်ကို ဧပြီလ ၇ ရက်နေ့က ချမှတ်ခဲ့တာပါ။

ထင်ရှားပြီး လေးစားစရာကောင်းတဲ့ ဘာသာရေးခေါင်းဆောင်လည်းဖြစ်၊ လွတ်လပ်စွာကိုးကွယ်ခွင့် ဒါမှမဟုတ် ယုံကြည်မှုအတွက် ထောက်ခံအားပေးမှုအပါအဝင် သူ့ရဲ့ရဲရင့်တဲ့ လုပ်ဆောင်ချက်တွေအတွက် မြန်မာစစ်ကောင်စီက ဒေါက်တာဆမ်ဆွန်ကို ပစ်မှတ်ထားခဲ့တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးကြိုးပမ်းချက်တွေ၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ ကချင်ခရစ်ယာန်တွေနဲ့ မြန်မာနိုင်ငံတဝန်းမှာ တန်းတူညီမျှရေးနဲ့ တရားမျှတမှုရရှိအောင်၊ ကချင်ပြည်တွင်းစစ်ဘေးဒုက္ခသည် ၁ သိန်းကျော် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လာနိုင်အောင်အတွက် သူဟာ ကြိုးပမ်း ဆောင်ရွက်နေသူဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ဘာသာရေးဆောင်ရွက်သူတွေ၊ အသိုင်းအဝိုင်းတွေနဲ့ ကိုးကွယ်ရာဘုရားကျောင်းတွေအပေါ် ဖိနှိပ်တာတွေ ရပ်ဖို့၊ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့အတွက်လည်း စစ်ကောင်စီကို တိုက်တွန်းပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။