မန္တလေးမြို့ အမှတ် ၄၆ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရ
2024.03.25

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် မန္တလေး ဆေးတက္ကသိုလ်အနီးက ကမ္ဘောဇဘဏ်ခွဲ (၄၆) ကို မတ်လ ၂၅ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ အမျိုးသားသုံးဦးက ဓားပြဝင်တိုက်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
၇၄ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရပြီး နောက်မှ စစ်ကောင်စီရဲတွေ ရောက်လာတယ်လို့ ဘဏ်အနီးအနားမှာ နေထိုင်တဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသားသုံးဦး ဝင်ရောက်လာပြီး သေနတ်တစ်လက်နဲ့ ဘဏ်ကို ဓားပြတိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း ငွေကျပ် သိန်း နှစ်ထောင်ကျော် ဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဓားပြမှုမှာပါဝင်သူတွေကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း ရှိ မရှိကို RFA က မသိရသေးပါဘူး။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မန္တလေးတိုင်း စစ်ကောင်စီပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ရွှေဆိုင်နဲ့ဘဏ်တွေ လုယက်ဓားပြတိုက်ခံရမှု ၈၂ ကြိမ်ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ Data for Myanmar က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။