ဘဏ်ကိစ္စ ကောလာဟလ သာဖြစ်


2017.05.03
ကမ္ဘောဇဘဏ် ဖေ့စ်ဘုတ် kbz-rumor-620.jpg
photo: KBZ Bank Facebook

အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ကမ္ဘောဇဘဏ် ဒေဝါလီခံရတော့မယ် ဆိုတဲ့သတင်း ဟာ သတင်းမှားဖြစ်ကြောင်း အွန် လိုင်းစနစ်သုံး ငွေထုတ်ရာမှာ ကြန့်ကြာမှုတွေဖြစ်ပေါ်လာရာကနေ ကောလာဟလ စတင်ဖြစ်ပေါ်လာခဲ့တာဖြစ် တယ်လို့ ဗဟိုဘဏ်က ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ဘဏ်ပိတ်ရက် ၃ ရက်ဆက်သွားပြီး မေလ ၂ ရက်နေ့ အင်္ဂါနေ့မှာမှ အွန်လိုင်းကနေ ငွေတွေစုပြုံထုတ်ရာကနေ အွန်လိုင်းစနစ် ကြန့်ကြာမှုတွေဖြစ်ခဲ့ပြီး ကောလာဟလ စတင်ခဲ့တယ်လို့ ဦးဝင်းသော် က ပြောပါတယ်။

"အခြေခံအချက်က စနေ၊ တနင်္ဂနွေ၊ တနင်္လာ ၃ ရက်ပိတ်တယ် ဖွင့်ရက်မှာ ဘဏ်မှာငွေထုတ်တဲ့သူများတာ ထုံးစံပေါ့ ဘဏ်တွေက အားလုံးက အွန်လိုင်းစနစ်နဲ့ သွားတာဆိုတော့ အဲ့နေ့က အင်တာနက်လိုင်းက လိုင်းကြပ် တယ်၊ ဟိုဘက်ဒီဘက် ပို့တာမှာ အကြောင်းကြားစာကမရောက်ဘူး။ ပိုက်ဆံထုတ်မယ့်သူက ရောက်တယ် ဘယ်သူက ဘယ်သူကို ဘယ်လောက်လွဲတယ်ဆိုတာ ကြန့်ကြာနေတယ် လူကစောင့်ရတာ များ သွားတော့ ငွေထုတ်လို့မရဘူးဆိုတဲ့ စကားကပြန့်သွားတာပေါ့"

ဘဏ်တွေမှာလုံလောက်တဲ့ပမာဏ ငွေထုတ်မပေးနိုင်ဘူးဆိုတာ ကောလာဟလဖြစ်ပြီး ဗဟိုဘဏ်အနေနဲ့ လိုအပ် တဲ့ထုတ်ငွေတွေရရှိအောင် အဆင့်ဆင့်ဆောင်ရွက်ပေးထားတယ်လို့ ပြောပါတယ်။

ဘဏ်တွေမှာ လက်ကျန်ငွေ၊ ချေးငွေ ဘယ်လောက်ရှိရမယ်ဆိုပြီး အချိုးကျရှိအောင် ဗဟိုဘဏ်က ထိန်းချုပ်ထားပြီး ဘဏ်တွေမှာထားရှိရတဲ့ ငွေကြေးပမာဏက အကန့်အသတ်ရှိတဲ့အတွက် လုံလောက် တဲ့ ငွေကြေးမရှိတော့ဘူး ဆိုရင် ချိတ်ဆက်ထားတဲ့ ဘဏ်အချင်းချင်းငွေချေးယူနိုင်ပြီး ဗဟိုဘဏ်ကနေလည်း ထုတ်ယူနိုင်အောင် ဆောင် ရွက်ပေးထား တယ်လို့ပြောပါတယ်။

အခုဖြစ်ပေါ်ခဲ့တဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး လတ်တလောမှာ အွန်လိုင်းစနစ် ချွတ်ယွင်းချက်ကြောင့်လား ဘဏ်စနစ်အားနည်းချက်ကြောင့်လားဆိုတာကို စိစစ်နေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။