မြန်မာ့ နိုင်ငံရေးအခြေအနေ တိုးတက်ဖို့လိုကြောင်း သြစတြေလျ ပြော

အာစီယံဥက္ကဋ္ဌဖြစ်ရေး၊ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး အတွက် မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေ တိုးတက်ဖို့ လိုကြောင်း ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

2011.05.15
thein-sein-asean-civil-society-305 ၂ဝ၁၁ ခုနှစ် မေလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို တွေ့ရစဉ်
AFP

သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သြစတြေလျသံရုံးမှာ မနေ့က တွေ့ဆုံရာမှာ အာစီယံ ဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စနဲ့ ထိုင်း-မြန်မာ နယ်စပ်က အိုးအိမ်စွန့်ပစ် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည် အရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့ထုတ် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။

အရင် သြစတြေလျ ဝန်ကြီးချုပ် ဖြစ်ခဲ့သူ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က အာစီယံ အနေနဲ့ ၂ဝ၁၂ အာစီယံဥက္ကဋ္ဌ နေရာအတွက် မြန်မာနိုင်ငံရဲ့ တင်ပြချက်ကို စဉ်းစားရမယ့် တာဝန်ရှိကြောင်း၊ အာစီယံရဲ့ ဂုဏ်သိက္ခာနဲ့ အများ ကြည်ညို လေးစားမှုတွေကိုလည်း ကြည့်ရှုဖို့လိုကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ သြစတြေလျအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဆက်လက် တိုးတက်တာကို မြင်တွေ့လိုကြောင်း၊ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ရဲ့ အရေးကို အထူးစိုးရိမ်ကြောင်းလည်း သူက ပြောပါတယ်။

မကြာခင်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံရေး တိုးတက်မှုတွေ လေ့လာမယ့်အတွက် ဝမ်းသာကြောင်းလည်း သြစတြေလျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ နိုင်ငံရေးလုပ်ငန်းစဉ် ပိုမိုကျယ်ပြန့် လွတ်လပ်လာရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေးတွေဟာ အာစီယံအနေနဲ့ နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတွေ ဖြစ်တယ်လို့ ပြောပါတယ်။

သြစတြေလျနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှစ်ဦး တွေ့ဆုံရာမှာ ထိုင်း-မြန်မာ နယ်စပ်ကိစ္စ အရေးကို အသေးစိတ် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ နယ်စပ် ဒုက္ခသည်စခန်းတွေအတွက် သြစတြေလျက အမေရိကန်ဒေါ်လာ ၁ဝ သန်း နီးပါး ထောက်ပံ့ခဲ့ပေမယ့် မြန်မာဘက်ခြမ်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက သိန်းပေါင်းများစွာ ရှိတဲ့ အိုးအိမ်စွန့် ထွက်ပြေးနေရသူ ဒုက္ခသည်တွေကို ကူညီဖို့ အခက်အခဲ များစွာ ရှိကြောင်း၊ သြစတြေလျ အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကို ဖယ်ရှားဖို့ တံခါး ဖွင့်ထားကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံက အခြေအနေ လမ်းကြောင်းမှန်ပေါ် မရောက်မချင်း ဒီကိစ္စကို ဆုံးဖြတ်မှာမဟုတ်ကြောင်း သြစတြေလျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။