နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး ပြော
2011.07.02
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd ကို ABC သြစတြေလျ သတင်းဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာ Mr. Rudd က အဲဒီလို ပြောပြခဲ့တာပါ။ ဒါ့ပြင် မြန်မာနိုင်ငံ မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့လည်း Mr. Rudd က မြန်မာအစိုးရကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် မြန်မာအစိုးရက နောက်တဆင့် လုပ်ဆောင်မယ့် ခြေလှမ်းကို နိုင်ငံတကာ အဝန်းအဝိုင်းက စောင့်မျှော် နေကြကြောင်းနဲ့ အဲဒါကတော့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ကို ပြန်လွှတ်ပေးဖို့ပဲ ဖြစ်ကြောင်း မြန်မာအာဏာပိုင်တွေကို ပြောဆိုခဲ့တယ်လို့ Mr. Rudd က ပြောပါတယ်။
ဒါ့ပြင် … သူ မြန်မာနိုင်ငံကို မလာရောက်ခင် ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး လှုပ်ရှားမှုတွေမလုပ်ဖို့ မြန်မာအစိုးရက သတိပေးခဲ့တာကိုလည်း သိရှိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေကို အခုထက်ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှား ဆောင်ရွက်ခွင့် ပေးသင့်ကြောင်းနဲ့ မြန်မာနိုင်ငံ လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ဖို့အတွက် နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ အကြား ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်းလည်း Mr. Rudd က ပြောပါတယ်။
ဆက်လက်ပြီး ... သြစတြေလျဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီ အများဆုံး ပေးနေတဲ့ နိုင်ငံတွေထဲမှာ တခု အပါအဝင် ဖြစ်ကြောင်းနဲ့ ရှေ့လာမယ့်နှစ်မှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးမှု အကူအညီ သြစတြေလျဒေါ်လာ သန်း ၅ဝ ကူညီပေးဖို့ ရှိကြောင်းလည်း သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd က ABC သတင်းဌာနကို ပြောဆိုသွားပါတယ်။