ALP ပြန်ကြားရေး ဒုတာဝန်ခံကို ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်
2017.10.12

မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP က ြပန်ကြားရေး ဒုတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်းကို ထောင်ဒဏ် တစ်နှစ်နဲ့ခြောက်လ ကျခံစေဖို့ စစ်တွေမြို့နယ် တရားရုံးက ဒီနေ့ အပြီးသတ်အမိန့် ချမှတ်လိုက်ပါတယ်။
တရားရုံးရဲ့အမိန့်မှာ တရားလိုဘက်ကစွပ်စွဲမှုကို အလေးပေးပြီး သုံးသပ်ထားတာတွေ့ရတဲ့အတွက် မျှတတဲ့ စီရင်ချက်မဟုတ်ဘူးလို့ ဗိုလ်မှူးခိုင်မျိုးထွန်း ဖက်ကနေလိုက်ပါခဲ့တဲ့ ရှေ့နေ ဦးဦးကျော်သိန်းက ပြောပါတယ်။
"တကယ်သုံးသပ်ကြည့်မယ်ဆိုရင် တရားသူကြီးရဲ့ တရားလိုပြသက်သေတွေ တရားခံပြသက်သေတွေရဲ့ ထွက်ဆိုချက်အပေါ်မှာ သုံးသပ်မှုလို့ ကျနော့်အနေနဲ့ မျှတမှုရှိတယ်လို့ လုံးဝမသုံးသပ်ဘူး၊ တရားသူကြီးရဲ့ သုံးသပ်မှုမှာ တရားလိုရဲ့ စွပ်စွဲမှုကိုသာ အသာပေးပြီး သုံးသပ်သွားတာတွေ့ရတယ်၊ တရားခံပြသက်သေတွေရဲ့ ထွက်ဆိုမှုအပေါ် သုံးသပ်မှုမရှိဘဲနဲ့ တခါထဲကောက်ချက်ဆွဲပြီး အပြစ်ရှိတယ်ဆိုပြီးတော့ သုံးသပ်ပြီး အမိန့်ချ လိုက်တဲ့ပုံစံမျိုး ကျနော်တွေ့ရတယ်"
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ (ဂ)နှစ်ခု အတွက် တပေါင်းတည်းပြစ်ဒဏ်ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်တယ်လို့လည်း ရှေ့နေ ဦးဦးကျော်သိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ့တပ်မတော် ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့တာပါ။
ဒီကြေညာချက်ဟာ ပြည်သူလူထုက မြန်မာ့တပ်မတော်အပေါ် ထင်ယောင်ထင်မှားဖြစ်စေတာ၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေတာ၊ မှန်ကန်မှုမရှိတဲ့ သတင်းအချက်အလက်တွေကို အသုံးပြုပြီး ပြည်သူတွေ ကြောက်ရွံ့ထိတ်လန့်အောင်လုပ်ဆောင်တာ ဖြစ်တယ်ဆိုပြီး ဗိုလ်မှူး ခိုင်မျိုးထွန်းကို စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး တင့်နိုင်ထွန်းက တရားစွဲဆိုခဲ့တာပါ။
ဒီအမှုနဲ့ပတ်သက်ပြီး ဗိုလ်မှူးခိုင်မျိုးထွန်းကို ပြီးခဲ့တဲ့ ၂၀၁၆ ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး တစ်နှစ်ကျော် ကြာအောင် တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ဒီနေ့ အပြီးသတ် အမိန့်ချမှတ် လိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ အစိုးရနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
အစိုးရက အခုလိုတရားစွဲဆိုခွင့်ပြုပြီး ထောင်ချလိုက်တာဟာ NCA သဘောတူညီချက်တွေကို ချိုးဖောက်လိုက် တာပဲလို့ ဒီနေ့အမိန့်ချမှတ်ခံရတဲ့ ဗိုလ်မှူးခိုင်မျိုးထွန်းက သတင်းထောက်တွေကို ပြောပါတယ်။