NUG ထိန်းချုပ်ရာ ခါမ်းပါတ်မြို့ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံနေရ
2025.01.22

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးသူတွေနဲ့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၂၂ ရက် ဒီနေ့ ပြောပါတယ်။
ဇန်နဝါရီ ၂၀ နဲ့ ၂၁ ရက်နေ့ ညပိုင်းတွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဇန်နဝါရီ ၁၆ ရက်နေ့မှာလည်း ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တစ်ဦး အပါအ၀င် နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခါမ်းပါတ်မြို့ အမှတ် (၁) နဲ့ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတွေ အားလုံးနီးပါးဟာ ဘေးလွတ်ရာ နေရာတွေနဲ့ အိန္ဒိယနယ်စပ်အနီးမှာ တိမ်းရှောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အရေအတွက်ကတော့ အတိအကျ ရဖို့ခက်တယ်။ ဘေးကင်းနိုင်မဲ့ ရွာတွေရယ်၊ အိန္ဒိယနယ်စပ်ရယ် ပြေးကြရတာပေါ့။ မပြေးဘဲ ကျန်တဲ့သူတွေကတော့ ဗုံးခိုကျင်းတွေ တူးကြတယ်။ ဇန်နဝါရီလ ၂၀ နဲ့ ၂၁ မှာ နေအိမ်တွေ ပျက်စီးသွားပြီး လူမထိတာက ဗုံးခိုကျင်းတွေကြောင့်လေ။ မဟုတ်ရင် မလွယ်ဘူး။ တစ်ပတ်အတွင်း ဗုံးလာကြဲတာ သုံးကြိမ်ရှိပြီ”
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ခါမ်းပါတ်မြို့မှာ လူဦးရေ ၁၄,၀၀၀ ကျော် နေထိုင်ပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံတချို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး မြို့ပေါ်မှာ လူဦးရေ အနည်းငယ်ပဲရှိတော့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်း အပါအ၀င် နေအိမ် သုံးဆယ်ထက်မနည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို အဆက်မပြတ်လုပ်လာတာကြောင့် နေအိမ်တွေမှာ ဗုံးခိုကျင်း မဖြစ်မနေတူးကြဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီလ ၁၈ ရက်က ကလေး-တမူး လမ်းမဘေးရှိ ကလေးမြို့နယ်က ကျွန်းတောရေရှင်ရွာအနီးကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့၀င် သုံးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရပါတယ်။