ခန္တီးမြို့မရဲစခန်းက ရဲနှစ်ဦးအပါအ၀င် အဖမ်းခံထားရသူ ၁၁ ဦး ထွက်ပြေးလွတ်မြောက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ မြို့မရဲစခန်းမှာ အဖမ်းခံထားရတဲ့ ကချင်ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေ အပါအဝင် ၁၁ ဦးဟာ တာဝန်ကျနေတဲ့ ရဲနှစ်ဦးနဲ့အတူ အောက်တိုဘာလ ၁၇ ရက် မနေ့ည ၁၂ ဝန်းကျင်ခန့်က ထွက်ပြေးခဲ့ပြီး ၁၁ ဦးကတော့ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) အဖွဲ့ဝင်လေးဦး၊ လက်နက်မှုနဲ့ အမှု ရင်ဆိုင်နေရသူ နှစ်ဦးနဲ့ ကျန်တဲ့ အချုပ်သားငါးဦးဟာ အဲဒီရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားနှစ်ဦး အကူအညီနဲ့ ထွက်ပြေးခဲ့တာလို့ ခန္တီးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ခန္တီးရဲစခန်းက ရဲတစ်ဦး နာရေးရှိတယ်။ အဲနာရေး လုပ်နေတဲ့အချိန်ပေါ့။ ရဲတွေက အဲမှာ သောက်စားနေကြတဲ့ အချိန်ပေါ့။ အဲမှာ တာဝန်ကျတဲ့ ရဲနှစ်ယောက်နဲ့ အချုပ်သားတွေ ထွက်ပြေးသွားတာ”
ထွက်ပြေးသူတွေဟာ လက်ရှိအမှု ရင်ဆိုင်နေရသူတွေဖြစ်ပြီး ရဲနှစ်ဦးအပါအ၀င် စုစုပေါင်း ၁၃ ဦးမှာ နှစ်ဦးပြန်ဖမ်းမိပေမယ့် ကျန်တဲ့သူတွေကတော့ လွတ်မြောက်သွားတယ်လို့ ဒေသခံကဆိုပါတယ်။
လွတ်မြောက်သွားသူတွေရဲ့ အမည်တွေကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ခန္တီးမြို့မှာတော့ လုံခြုံရေးကို တင်းကျပ်ထားသလို လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးမေးမြန်း နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။