ခင်ဦးနဲ့ ကသာမှာ လက်နက်ကြီးကြောင့် အရပ်သား ကိုးဦး သေဆုံး၊ ၂၄ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်နဲ့ ကသာမြို့နယ်တွေမှာ မေလ ၁၉ ရက်နေ့ကနေ ဒီနေ့ညနေအထိ အချိန်နှစ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကိုရင်တစ်ပါးအပါအဝင် လူကိုးဦး သေဆုံးပြီး ၂၄ ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ် အင်းတိုင်းလေး (တောင်ရွာ) ကို စစ်ကောင်စီတပ်က မေလ ၂၀ ရက် ဒီနေ့ညနေ ၄ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီးနောက် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦး လက်နက်ကြီး ကျည်ဆန်ထိမှန် သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာကလူတွေ အကုန်ထွက်ပြေးရတယ်။ လူသုံးယောက် သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေနဲ့ ဖမ်းခံနေရတဲ့သူတွေလည်း ရှိသေးတယ်။ ရွာကိုလည်း မီးနဲ့ ရှို့နေတယ်”
လက်ရှိမှာ ရွာထဲမှာ တပ်စွဲထားပြီး ရွာသားတွေအကုန် ထွက်ပြေးနေရတာကြောင့် အိမ်ခြေဘယ်လောက် မီးလောင်သွားတယ်ဆိုတာနဲ့ နောက်ထပ် သေဆုံးထိခိုက်တွေ ရှိ၊ မရှိ နောက်ဆက်တွဲ အသေးစိတ် အခြေအနေတွေကို မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ခင်ဦးမြို့နယ်မှာ မေလ ၁၉ ရက် မနေ့ကလည်း တာတိုင်ရွာမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် လူလေးဦး သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီဘက်မှာက တစ်ရွာနဲ့ တစ်ရွာက နှစ်ဖာလုံလောက်ပဲဝေးကြတာ၊။ မြေပြန့်ဆိုတော့ ရှောင်စရာနေရာလည်း သိပ်မရှိပါဘူး။ စစ်သားတွေ ဒီဘက်ရွာရောက်နေတယ်ဆို ဟိုဘက်ရွာ ရှောင်ကြရတာ။ အခုလည်း သူတို့စစ်ကြောင်းထိုးနေတော့ ရှောင်နေကြတဲ့နေရာ တာတိုင်ရွာနားကို လက်နက်ကြီးကျလာတာ။ ၁၀ ယောက် လောက် ဒဏ်ရာရတယ်။ လေးယောက် သေတယ်"
မနေ့က အဲဒီရွာဘက်မှာ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားက ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ အရပ်သားတွေ ထိခိုက်ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ ခင်ဦးမြို့နယ် တာတိုင်ရွာမှာ အနီးအနား ကျေးရွာတွေနဲ့ ဒီပဲယင်းမြို့နယ်က ဒေသခံတွေပါ ထွက်ပြေးခိုလှုံနေကြတာလို့ ဆိုပါတယ်။ မနေ့က သေဆုံးသူတွေထဲမှာ ဒီပဲယင်းမြို့နယ် သရက်တောရွာက အသက် ၆၀ ဝန်းကျင် အမျိုးသား တစ်ဦးနဲ့ ရေဦးမြို့နယ် ပေါက်သာရွာက သုံးဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကို PDF ဆေးတပ်ဖွဲ့ဝင်တွေက ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။
အလားတူ ကသာမြို့နယ် အင်းရွာမှာလည်း မေလ ၁၉ ရက် မနေ့က ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် ၁၂ နှစ်အရွယ် ကိုရင်တစ်ပါးနဲ့ မိခင်တို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘုန်းကြီးကျောင်းမှာ အခြားကိုရင်တစ်ပါးနဲ့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒေသခံ ၁၄ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်ခြေ ၁၅ လုံးလောက် မီးရှို့သွားတာ။ အင်းရွာအလယ်ရပ်က ဗလီတွေလည်းပါတယ်။ အကုန်မီးရှို့သွားတာ။ လက်နက်ကြီးက ပေလမ်းကုန်း ဘုန်းကြီးကျောင်းကိုကျတာ ကိုရင်နှစ်ပါးထိတာ၊ တစ်ပါးကတော့ သေသွားတယ်။ သူ့အမေလည်း ထိသွားတာ သားအမိ နှစ်ဦး ကျသွားတယ်။ တချို့ဒဏ်ရာရတဲ့သူတွေ အရေးပေါ် ရွှေကူကို ပို့ထားရတယ်”
ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေကြောင့် ဘုန်းကြီးကျောင်းကို ထွက်ပြေးခိုလှုံနေကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရေယာဉ်နဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် အင်းရွာ၊ ကလုံ ၊ ကျောက်ပုံ၊ သံပုရာ၊ ပဒေသာ၊ ကြက်တကောင်၊ ပျဉ်းလေးပင်၊ သပြေသာ အလယ်ရပ် ရွှေဘုံသာ၊ ကျွန်းတောကုန်း၊ ပေလမ်းကုန်း၊ ဒေါင့်ကြီး၊ သာဂရ အစရှိတဲ့ ကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“သူတို့က သင်္ဘောနဲ့တက်လာတာ၊ သူတို့ မတက်နိုင်ရင် လက်နက်ကြီးတပ်ပြီးပစ်တာပဲ။ ရွာထဲလည်း မရှောင်ဘူး၊ ဘာလည်း မရှောင်ဘူး ပစ်တာပဲ။ ကုန်းလမ်းလည်း ထိုးတယ်၊ သင်္ဘောပေါ်ကလည်း ပစ်တယ်” လို့ အင်းရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတာလို့ ပြောဆိုချက် တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ နဲ့ ၁၈ ရက်တွေကလည်း ကသာမြို့နယ် မိုးတားကြီးနဲ့ မှတ်တိုင်ရွာ တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ရာမှာ ကလေးသုံးဦးနဲ့ လူကြီးသုံးဦး၊ စုစုပေါင်း ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။