နယ်မြေရှင်းလင်းမှုကြောင့် ခင်ဦးမြို့နယ်က အရပ်သား ရှစ်ထောင်နီးပါး ထွက်ပြေး

RFA Burmese
2023.03.07
နယ်မြေရှင်းလင်းမှုကြောင့် ခင်ဦးမြို့နယ်က အရပ်သား ရှစ်ထောင်နီးပါး ထွက်ပြေး နေရပ်စွန့်ခွာထွက်ပြေးနေကြသည့် ခင်ဦးမြို့နယ်မှ ဒေသခံများကို ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကလုံရွာကို စစ်ကောင်စီတပ်က မတ်လ ၇ ရက် နံနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကလုံရွာအပါအဝင် ကျေးရွာခုနစ်ရွာက အရပ်သား ၈,၀၀၀ နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
 
အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ ကလုံရွာကို စစ်ကောင်စီတပ်က မီးရှို့နေပြီး ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ဒီမနက် ရှစ်နာရီလောက်မှာ ကလုံရွာထဲကို စစ်တပ်ကဝင်တာ။ နောက်ပြီး ငါးရုံကြီးနဲ့ ရှားတောရွာကို ထပ်ရှို့နေတယ်။ ရွာနားမကပ်ရဲသေးဘူး။ အဝေးကနေပဲ ကြည့်နေရတယ်။ အနီးနားကပ်သွားရင် လက်နက်ကြီးတွေနဲ့ပစ်တယ်”
 
ရွာထဲမှာ စစ်ကောင်စီတပ်တွေ ရှိနေတာကြောင့် အရပ်သားတွေဟာ တောတောင်နဲ့လျှိုတွေထဲ ပုန်းအောင်းနေကြရတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာကို မသိသေးဘူးလို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင် RFA ကို မတ်လ ၇ ရက်က ပြောပါတယ်။
 
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခုနစ်သိန်းခွဲ ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။