ခင်ဦးမှာ စစ်ကြောင်းထိုးနေလို့ အရပ်သား ၈၀၀၀ ကျော်ထွက်ပြေးနေရ

RFA Burmese
2023.06.29
ခင်ဦးမှာ စစ်ကြောင်းထိုးနေလို့ အရပ်သား ၈၀၀၀ ကျော်ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ‌ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။
ကိုလူချော

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းက ဇွန်လ ၂၆ ရက်နေ့ကနေ ဇွန်လ ၂၉ ရက် ဒီနေ့အထိ လေးရက်ကြာ စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ၁၄ ရွာက အရပ်သား ၈၀၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲက ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းပေါ်က ထမင်းဆိုင်တချို့ကို မီးရှို့ဖျက်ဆီးတာ ရှိခဲ့သလို ဇွန်လ ၂၈ ရက်နေ့မှာ ရွှေပြည်သာရွာနဲ့ ရွာသစ်ရွာက အရပ်သား ငါးဦးကို ဖမ်းဆီးသွားပြီး ဒီနေ့ထိ ပြန်လွှတ်မပေးသေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းက ဒီနေ့အထိ ရှိနေပြီး ထွက်ပြေးရတာလည်း လေးရက်လောက် ရှိလာပြီဖြစ်လို့ နေထိုင်စားသောက်ရေး အခက်အခဲကြုံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းက နှစ်ကြောင်း အလယ်လျှိုကတစ်ကြောင်းနဲ့ ကိုးပင်က တစ်ကြောင်း ပေါင်းပြီး အခု ရွှေဘို - မြစ်ကြီးနားလမ်းပေါ်မှာ မည်းချိပ်လို့။ တွေ့တဲ့လူဖမ်း၊ မထင်ရင် အိမ်တွေမီးရှို့လုပ်နေကြတာ။ အခုက လေးရက်လောက်ဖြစ်လာပြီး အိမ်ကိုလည်း ပြန်မကပ်နိုင်သေးဘူး”

အခုစစ်ကြောင်းထိုးမှုတွေကြောင့် ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်းမှာ ကုန်စိမ်း၊ ကုန်ခြောက် လှည့်လည်ရောင်းချတဲ့ ဆိုင်ကယ်နဲ့ကားတွေ သွားလာမှုလည်းရပ်တန့်နေလို့ ဝယ်ခြမ်းစားသောက်ဖို့လည်း အခက်အခဲ ရှိနေတယ်လို့သူကဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်ထဲက ရွာပေါင်း ၇၆ ရွာက နေအိမ်ပေါင်း ၆၀၀၀ ဝန်းကျင်ထိ မီးရှို့ဖျက်ဆီးခံထားရပြီး အရပ်သားပြည်သူ သုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။