ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာမှာ ပျူစောထီး သုံးဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပျဉ်ထောင်ရွာမှာ အောက်တိုဘာ ၂ ရက် မနေ့က ညပိုင်းက ပျူစောထီးတပ်ဖွဲ့ဝင် သုံးဦးကို တောကြီးမြွေဟောက်အဖွဲ့- ခင်ဦး (King Cobra – Khin Oo) က သတ်ဖြတ်လိုက်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
မနေ့ကည ၁၁ နာရီလောက်မှာ ပျူစောထီး အဖွဲ့ခေါင်းဆောင်လို့ စွပ်စွဲခံထားရတဲ့ အသက် ၅၀ အရွယ် ဦးစိုးမင်းနဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဦးစိုးမျိုးနဲ့ အသက် ၃၅ နှစ်အရွယ် ဦးဇော်သန်း တို့ အသတ်ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒလံတွေ သတ်ခံရတာနဲ့ပတ်သက်လို့ နေ့လယ်က ရွာကို စစ်ကောင်စီနဲ့ ပျုစောထီးအဖွဲ့တွေလည်း ပါတယ်။ ထပ်ဝင်စီးနေတယ်။ ရွာသားတွေလည်း ပြန်မလာရဲသေးတော့ ထွက်ပြေးနေရတယ်။ ထွက်ပြေးနေတဲ့အချိန် ရွာမှာရှိတဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေကို ယူသွားကြတယ်”
ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးစိုးမင်းဟာ ငွေကြေးပြည့်စုံသူ ဖြစ်ပြီး စစ်ကောင်စီကို တိတ်တဆိတ် ထောက်ပံ့တာ၊ ပျူစောထီးအဖွဲ့ဝင်တွေကို လက်နက်ဝယ်ပေးတာ၊ ရွာအနီးက တယ်လီဖုန်းတာဝါတိုင် ဖောက်ခွဲခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်တွေ ရွာကိုလာရောက်စဉ် ဧည့်ခံကျွေးမွေးပြီး သတင်းပေး၊ လမ်းပြတာတွေကြောင့် အခုလို ရှင်းလင်းရတာလို့ တောကြီး မြွေဟောက်အဖွဲ့- ခင်ဦး (King Cobra – Khin Oo) အဖွဲ့က ပြောပါတယ်။
ပျဉ်ထောင်ရွာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကို သင်တန်းပေးနေတယ်ဆိုတဲ့ စစ်ကောင်စီ သတင်းပေးတွေရဲ့ မှားယွင်းသတင်းပေးမှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့က စစ်ကောင်စီတပ်တွေ ပျဉ်ထောင်ရွာကို ဝင်စီးနင်းခဲ့ပြီး ပစ်ခတ်ခဲ့တာကြောင့် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူလေးဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။