ခင်ဦးမြို့နယ် အင်းပတ်ရွာအနီး တိုက်ပွဲကြောင့် ဒေသခံနှစ်ထောင်ကျော်ထွက်ပြေး
2023.01.07

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာအနီးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက် ညပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်က အရပ်သား နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ညပိုင်းမှာ လက်နက်ကြီးနဲ့ ရွာတွေထဲကို ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ ညတွင်းချင်း ထွက်ပြေးခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အင်းပတ်ရွာရဲ့ အနောက်မြောက်နားမှာရှိတဲ့ ရွာသစ်ကုန်းရွာက တပ်စွဲထားတဲ့ စခန်းတစ်ခုရှိတယ်။ အဲဒါကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက သွားပစ်တာ။ ည ၈ နာရီလောက်ကျတော့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်တာပေါ့။ အဲဒီလက်နက်ကြီးတွေက အင်းပတ်ရွာထဲကိုကျတော့ ဒေသခံတွေလည်း ထွက်ပြေးကြတာ။ အနီးနားရွာတွေကို ထွက်ပြေးတာပေါ့”
ဒီတိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်ကလည်း စစ်ကောင်စီတပ်တွေက အင်းပတ်ရွာထဲကို မကြာခဏဝင်ရောက် စီးနင်းမှုတွေ လုပ်ခဲ့ပါတယ်။ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ အင်းပတ်ရွာက နေအိမ် ၂၀၀ နီးပါးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာလည်း ကျေးရွာတွေအတွင်းဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဖို့ စစ်ကောင်စီတပ်က ပြင်ဆင်နေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ ဦးအေးလှိုင်ကတော့ တိုက်ပွဲကြောင့်ထွက်ပြေးရတဲ့ အရပ်သားတွေကို သက်ဆိုင်ရာခရိုင်အလိုက် စားနပ်ရိက္ခာထောက်ပံ့ပေးနေတယ်လို့ RFA ကို ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၅၀,၀၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။