လမ်းမတော် NLD က မခင်မျိုး သေနတ်နဲ့ ပစ်သတ်ခံရ

2021.12.08
လမ်းမတော် NLD က မခင်မျိုး သေနတ်နဲ့ ပစ်သတ်ခံရ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်က မခင်မျိုး ကို တွေ့ရစဉ်
Photo: Citizen Journalist

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် မခင်မျိုးဟာ ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

မနက် ၅ နာရီဝန်းကျင်က လမ်းမတော်မြို့နယ် ၉ ရပ်ကွက်၊ ဇော်ဂျီလမ်းထဲက ဆန်ဆိုင်ကို ဖွင့်နေတဲ့အချိန် Honda Fit အနက်ရောင် ကားတစ်စီးပေါ်က လူတစ်ယောက် ဆင်းလာပြီး သုံးချက် ပစ်သတ်ခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ကျွန်တော်ကြားတာတော့ အစောကြီး ဆိုင်ခင်းတယ်တဲ့။ အဲဒီနောက် စစ်ကားတစ်စီး ရောက်လာပြီး လူတစ်ယောက် ဆင်းလာပြီး နောက်ကျောကနေပြီးတော့ ခေါင်းကို နောက်စေ့ကို တစ်ချက် ပစ်လိုက်တယ် တဲ့။ ပစ်လိုက်တော့ သူလဲသွားပြီး ခါးတစ်ချက်၊ ပုခုံးတစ်ချက် ထပ်ပစ်သွားတယ်တဲ့။ ပစ်ပြီးတော့ ကားပေါ်ကိုတက်ပြီး ထွက်ပြေးသွားတယ်တဲ့"

အနက်ရောင် Honda Fit အမျိုးအစားကားနဲ့ လာပစ်တာဖြစ်ပြီး အဲဒီကားဟာ စစ်တပ်နဲ့ ပတ်သက်မှုရှိတယ်လို့ ဒေသခံတချို့က စွပ်စွဲထားကြသလို မခင်မျိုးရဲ့ မိသားစုဝင်တွေကိုလည်း လမ်းမတော်မြို့နယ် ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

ကားနံပါတ်မြင်လိုက်တဲ့သူက လိုင်စင်စစ်တဲ့ ဆော့ဝဲလ်နဲ့ စစ်ကြည့်ရာမှာ Honda Fit လို့ မပေါ်ဘဲ Hilux ဆိုပြီး ပေါ်နေလို့ နံပါတ်က အတု၊ စစ်တပ်ဘက်ကကား ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆလိုက်ကြတာဖြစ်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

မခင်မျိုးဟာ NLD အမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်ဖြစ်သလို ဆုံစည်းရာ ပရဟိတအသင်းရဲ့ ဘဏ္ဍာရေးမှူး တစ်ယောက်လည်း ဖြစ်တယ်လို့ အဲဒီအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။