ခင်ဦးမြို့ မြင်းဒေါင်းရွာက ဒေသခံငါးရာကျော် စစ်ကြောင်းဝင်လာလို့ ထွက်ပြေးနေရ

RFA Burmese
2023.02.06
ခင်ဦးမြို့ မြင်းဒေါင်းရွာက ဒေသခံငါးရာကျော် စစ်ကြောင်းဝင်လာလို့ ထွက်ပြေးနေရ စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ထွက်ပြေးနေရသည့် ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာထဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကြောင့် ရွာထဲမှာကျန်နေတဲ့ ဒေသခံငါးရာကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၉ နာရီအချိန်မှာ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်း ပျူစောထီးရွာမှာရှိတဲ့ စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့် မြင်းဒေါင်းရွာကို ဝင်ရောက်လာတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တစ်ရွာလုံးကို ဖြန့်ထားပြီး ရွာသားနှစ်ဦးကို ခေါ်စစ်နေတယ်။ ရွာကလူတွေ ပြေးနေတယ်။ ခဏတဖြုတ်မှတ်လို့ ထမင်းတွေ ဘာတွေ မစီစဉ်လိုက်ရဘူး။ အခုထိ မထွက်သေးဘူး"

လူဦးရေ ၂၆၀၀ ကျော်ရှိတဲ့ မြင်းဒေါင်းရွာဟာ စစ်ကြောင်းတွေ မကြာခဏ ဝင်ရောက်တာကြောင့် တစ်ရွာလုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ရွာမှာကျန်နေတဲ့ ငါးရာနီးပါးလည်း ဒီနေ့ ထပ်မံထွက်ပြေးရ တာလို့ ဆိုပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကိုလည်း RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေ ဆိုတာ မရှိပါဘူး။

ဒါပေမဲ့ အခုလို လုံခြုံရေးကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့မရှိဘူးလို့ ဦးအေးလှိုင်က RFA ကို အရင်က ဖြေဆိုဖူးပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကတည်းက မြင်းဒေါင်းရွာအပါအဝင် ရွာသုံးရွာကို စစ်ကြောင်းတွေ ဝင်ရောက်ခဲ့လို့ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်မ (၆၆) နဲ့ တပ်မ (၃၃) လက်အောက်ခံတပ်တွေဟာ မြင်းဒေါင်းရွာက နေအိမ်တချို့နဲ့ ရွာအနီးက မြင်းဒေါင်းဈေးကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။