စစ်ကြောင်းဝင်လို့ ခင်ဦးဒေသခံ ရှစ်ထောင်ခန့် ထွက်ပြေးရ
2023.04.18

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့မှာ စစ်ကြောင်း ဝင်လာလို့ ရွာပေါင်း ၁၀ ရွာခန့်က ဒေသခံရှစ်ထောင်ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းဒေါင်း၊ မကျီးအုပ်၊ သရက်ပင်စု၊ အင်းပတ်၊ ရွာသစ်၊ ချမ်းသာကုန်း၊ အင်တိုင်းလေး တောင်နဲ့ အင်တိုင်းလေး မြောက် အပါအဝင် ရွာပေါင်း ၁၀ ရွာခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မြင်းဒေါင်းကို မနက်ဝင်တဲ့အချိန်မှာ ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲလိုက်တယ်။ နေ့လယ် ၁၁ ခွဲမှာ တစ်ခါဆွဲတယ်။ အခု မြင်းဒေါင်းအရှေ့ဘက်က ရေသန့်စက်မှာ အင်အား ၄၀၊ မြင်းဒေါင်းအရှေ့ဘက်မှာ အင်အား ၈၀၊ နောက် သရက်ပင်စုနဲ့ အင်တိုင်းရွာကြားထဲမှာ အင်အား ၆၀ လောက်ရှိတယ်"
အဲဒီစစ်ကြောင်းကို အလင်းရောင်ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အဲဒီစစ်ကြောင်းဟာ ရေဦးမြို့နယ်ကနေ ခင်ဦးမြို့နယ်ထဲကို ဝင်ရောက်လာတာဖြစ်သလို တပ်မ (၉၉) နဲ့ တပ်မ (၄၄) လက်အောက်ခံတပ်တွေကဖြစ်ပြီး အင်အားနှစ်ရာခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ် မူးတိမ်ချောင်းအနီး ပျုစောထီးရွာလို့ခေါ်တဲ့ ပျဉ်ထောင်ရွာက တစ်ဆင့် ရေဦးမြို့နယ်ထဲကို ထရပ်ကားအဖြူတစ်စီးနဲ့ ရိက္ခာတွေ သယ်ယူနေတယ် လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ ဦးအေးလှိုင်ကိုလည်း ညနေပိုင်းအထိ ဆက်သွယ်လို့မရခဲ့ပါဘူး။
ခင်ဦးမြို့နယ်ထဲက ဒေသခံတွေဟာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ မကြာခဏ ဝင်ရောက်လာတာကြောင့် အကြိမ်ကြိမ် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။