ဆန္ဒပြပွဲသတင်းကြောင့် ခြိမ်းခြောက်ခံနေရလို့ ရန်ကုန်ခေတ်သစ်မီဒီယာပြော

ကျော်သူ
2020.02.10
myochit-protest-622.JPG သာသနာရေးဝန်ကြီးကို အရေးယူဖို့နဲ့ ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ ၂၀၂၀ ဖေဖော်ဝါရီလ ၉ ရက်နေ့က ရန်ကုန်မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြစဉ်
Photo: Thant Zin Oo/RFA

မျိုးချစ်ဆိုသူတွေရဲ့ ရန်ကုန်ဆန္ဒပြပွဲကို သတင်းကိုရေးသားတဲ့ မီဒီယာတိုက်တချို့ ခြိမ်းခြောက်ခံရတာ၊ သတင်းဖြုတ်ချဖို့ ဖိအားပေးခံရတာတွေ ကြုံနေတယ်လို့သိရပါတယ်။

အဲဒီထဲမှာ Khit Thit Media န့ 7 Day သတင်းစာတိုက်ပါဝင်ပါတယ်။ Khit Thit Media သတင်းစာတိုက် အယ်ဒီတာလည်းဖြစ်၊ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးထားတဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်လည်းဖြစ်တဲ့ (MPC) ကိုသာလွန်ဇောင်းထက်၊ စနစ်တကျ လိုက်လံတားဆီးခံနေရတယ်လို့ ပြောပါတယ်။

ဦးသာလွန်ဇောင်းထက်က

"ဒီလိုမီဒီယာသမားတွေကိုခြိမ်းခြောက်တာဟာ ကျွန်တော်တို့ခေတ်သစ်ကို ခြိမ်းခြောက်တာမဟုတ်ဘူး။ မီဒီယာသမားအားလုံးကို ခြိမ်းခြောက်တာပဲ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့လုပ်ရပ်တွေကို ကြည့်လိုက်ရင် စနစ်တကျပဲ။ 7 Day ကိုသွားမယ်။ ပြီးရင် ခေတ်သစ်ကိုလာမယ်။"

မနေ့တုန်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအစည်းအရုံး(MNO) ဆိုတဲ့အဖွဲ့က ဦးဆောင်ပြီးတော့ ဆူးလေစေတီနားမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာပါတဲ့ အမျိုးသားရေး သင်္ဃာတချို့က သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာ လူမျိုးခြားဘာသာကို ဦးစားပေးပြီး ဗုဒ္ဓဘာသာကို နှိပ်ကွပ်နေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

အဲဒီအဖွဲ့မှာပါဝင်တဲ့ ဆရာတော်တချို့ဟာ အစိုးရက တရားမဝင်အသင်း ကြေညာခံထားရတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ခေါ် မဘသ အဖွဲ့ရဲ့ လှုပ်ရှားမှုတချို့မှာ ပါဝင်ဖူးတဲ့သူတွေပါ။ မဘသရဲ့ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးဝီရသူဟာ ဝရမ်းပြေးအဖြစ် ကြေညာခံထားရပြီး ထွက်ပြေးလွတ်မြောက်နေပါတယ်။

ဆန္ဒပြပွဲမှာ ဆရာတော် ဦးဉာဏောဘာသ ဆိုသူက မျိုးမစောင့်သူ တစ်ဦး သမ္မတဖြစ်လာရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ၅၉ (စ) ပုဒ်မကို ပြင်ပြီးတော့ သမ္မတ လုပ်ဖို့ ကြိုးစားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပုဒ်မ ၅၉ (စ) လုံးဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရေးကို အဓိက ကန့်သတ်ထားတဲ့ ပုဒ်မဖြစ်နေပါတယ်။ လက်ရှိ NLD လွှမ်းမိုးတဲ့ လွှတ်တော်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံမူကြမ်းမှာလည်း ၅၉ (စ) ပယ်ဖျက်ရေးပါဝင်နေပါတယ်။

သာသနာရေးဝန်ကြီး ဦးအောင်ကိုဟာလည်း တစ်ချိန်တုန်းက ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖက်က နုတ်ထွက်ထားသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို မျိုးချစ်ဆိုသူတချို့က ဆန္ဒပြပွဲမှာ “ခွေး” နဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါသေးတယ်။ သာသနာရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က သူ့အနေနဲ့ အဲလိုပြောဆိုခဲ့တာကို မသိရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူတချို့က အမုန်းစကားနဲ့ အကဲဆတ်တဲ့အသုံးအနှုန်းတွေ ပြောဆိုခဲ့တာကို ကောက်နှုတ်တင်ပြတဲ့အထဲ 7 Day TV လည်း ပါဝင်ပါတယ်။ မနေ့က ထုတ်လွှင့်ခဲ့တဲ့သတင်းကို 7Day TV က ဖြုတ်ချက်လိုက်တယ်လို့ ရုပ်သံတာဝန်ခံ မငြိမ်းငြိမ်းနိုင်က ပြောပါတယ်။

“အဓိကတော့ ဒီဟောပြောပွဲမှာပြောတဲ့ ပုဂ္ဂိုလ်တစ်ချို့ဟာ ဘာသာရေးပဋိပက္ခဖြစ်ဖွယ်ရှိတဲ့ အမုန်းစကားတွေ ဟောပြော ခဲ့တာလည်း တွေ့ရပါတယ်ဆိုပြီး (narration) စားသားတွေကိုဖတ်ပြတဲ့ ဗီဒီယိုပို့စ်တင်တဲ့ ပုံမှာရောပါသွားပါတယ်။ သူတို့က အဲဒါကိုလာပြီး စောဒကတက် (complaint) တာပါ။ ဘာသာရေးဆိုင်ရာ အမုန်းစကားတွေကို ဟောပြောခဲ့တာတော့ အားလုံးလည်းကြားပြီးသားပဲပေါ့နော်။ ဒါပေမဲ့ ပဋိပက္ခဖြစ်ဖွယ်ရှိတယ်ဆိုတဲ့စကားလုံး ပါသွားတဲ့အတွက် ကျွန်မတို့ ဖြုတ်လိုက်တာပါ။"

မျိုးချစ်ဆိုသူတချို့ကလည်း သူတို့ သွားရောက်ကန့်ကွက်တဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ဓါတ်ပုံတွေ တင်ထားကြပါတယ်။ မနေ့ကဆန္ဒပြပွဲမှာ ပါဝင်တဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုကျောက်ခဲဆိုသူက သတင်းတိုက်တွေကို သူတို့ခြိမ်းခြောက်တာမရှိဘူးလို့ RFA ကို ပြောပါတယ်။

သတင်းမီဒီယာကောင်စီ ဦးဇေယျာလှိုင်ကတော့ သတင်းမှားတယ်ဆိုရင် မှားတဲ့အချက်ကို ထောက်ပြဝေဖန်တာ တိုင်တန်းတာပဲ ပြုလုပ်သင့်ပြီး ခြိမ်းခြောက်တာမျိုး မပြုလုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးဇေယျာလှိုင်က

“သတင်းအမှားပါလို့ ခြိမ်းခြောက်တာလား။ သူတို့မပြောဘဲနဲ့ ပြောတယ်လို့ ရေးမိ လို့လားပေါ့။ သတင်းမမှားဘဲနဲ့ လာပြီးခြိမ်းခြောက်တယ်ဆိုရင်တော့ သတင်းမီဒီယာသမားတွေကနေ သတ္တိရှိရှိ ပြန်တုံ့ပြန်ဖို့လိုတယ်။ ကိုယ်က သတင်းမှားသွားတယ်ဆိုရင် သတင်းမီဒီယာဥပဒေ သတင်းမီဒီယာ ကျင့်ဝတ်အရ အမှားပြင်ဆင်ချက် ထည့်ပေးရမယ်။ အမှားမပါဘူးဆိုရင်တော့ ကိုယ့်ဘက်က တည်တည်တံ့တံ့ ရပ်တည်ဖို့လိုပါတယ်။"

မြန်မာနိုင်ငံဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ပတ်သက်ရင် နာမည်ကောင်းရတဲ့ နိုင်ငံတစ်ခုတော့ မဟုတ်ပါဘူး။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ ၂၀၁၉ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အဆင့် ၁၃၈ မှာ ဖော်ပြခံရပြီး အနီရောင်အဆင့် သတ်မှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။