လိပ်ကျွန်းအမှု ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အမိန့်ချမည်
2015.10.12

ထိုင်းနိုင်ငံတောင်ပိုင်း Koh Samuei လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ၂ ဦးထဲက ကိုဝင်းဇော်ထွန်းက သူ့ကို ထိုင်းရဲတွေက မဖွယ်မရာ စစ်ဆေးမှုတွေ ပြုလုပ်တယ်လို့ မနေ့က ကော့စမွေခရိုင် တရားရုံးမှာ ထွက်ဆိုကြောင်း ရှေ့နေက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အခုလို စစ်ဆေးတာတွေကို တားမြစ်ထားပေမယ့် အတင်းအကြပ် ဝန်ခံခိုင်းတဲ့ သဘောနဲ့ အခုလို စစ်ဆေးဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။
"ရဲတွေစစ်ဆေးတဲ့နေရာမှာတော့ ဒါက ဘယ်လိုခေါ်မလဲ ဒဏ်ရာပျောက်ဆိုပြီး ပြောလို့လည်းရတယ်၊ ကာမတရားခံသဘောမျိုးနဲ့ စိစစ်ခံရတဲ့ သဘောမျိုးဖြစ်သွားတာပေါ့၊ အပြည်ပြည်ဆိုင်ရာ ဥပဒေမှာရှိပါတယ်၊ ဘယ်နိုင်ငံမှ တရားခံကို အဲ့လိုဆောင်ရွက်ခြင်းမပြုရလို့ရှိပါတယ်၊ ဒါပေမဲ့ အဲဒီဥပဒေဟာ တကယ်တန်း ရဲတွေကတော့ အနည်းနဲ့အများ မလိုက်နာမှုပြဿနာကတော့ရှိခဲ့ပါတယ်"
ဒါနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရားရုံးမှာ တစ်စုံတရာ ထွက်ဆိုတာမရှိခဲ့သလို၊ တရားရုံးက မှတ်တမ်းတင်ထားတယ်လို့လည်း သိရပါတယ်။
ထိုင်းတောင်ပိုင်းက လိပ်ကျွန်းလူသတ်မှုကို လိုက်ပါဆောင်ရွက်ကြတဲ့ တရားလိုနဲ့ တရားခံဘက်က နောက်ဆုံး စစ်ဆေးချက်ကို မနေ့က Koh Samuei ကော့စမွေတရားရုံးမှာ အပြီးသတ်စစ်ဆေးခဲ့ပြီး၊ နောက်လ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်မယ်လို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။
အမှုအခြေအနေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA သတင်းထောက် ကိုဘုန်းမြတ် က ဆက်သွယ်မေးမြန်းထားပါတယ်။