ရွေးကောက်ပွဲမှာ ပလက်ဝပါဝင်မှု ခူမီးကောင်စီ ကျေးဇူးတင်
2020.11.19

ချင်းပြည်နယ် ပလက်ဝမြို့မှာ ရွေးကောက်ပွဲမကျင်းပနိုင်ရင် လူထုအသံပျောက်ပြီး ငြိမ်းချမ်းရေး ဝေးသွားနိုင်သလို စစ်ဘောင်တွေလည်း ပိုကျယ်လာနိုင်တာမို့ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာကို ကျေးဇူးတင်ကြောင်း ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC က နိုဝင်ဘာလ ၁၉ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲလုပ်ဖို့ မလုပ်ဖို့ မသေချာတဲ့အခြေအနေကနေ ပြည်သူတွေရဲ့ အသံကိုနားထောင် ပြီး ရွေးကောက်ပွဲလုပ်ဆောင်ပေးတဲ့ ရွေးကောက်ပွဲကော်မရှင်၊ အစိုးရအဖွဲ့နဲ့ လုံခြုံရေးယူပေးတဲ့ တပ်မတော်ဘက် ကိုလည်း ကြိုဆိုတာကြောင့် ကြေညာချက်ထုတ်တာဖြစ်တယ်လို့ KACC က မိုင်နန်းဝေ က ဆိုပါတယ်။
နိုင်ဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအတွင်း ပါတီအသီးသီးကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေရဲ့ အကျိုးကိုရှေးရှုပြီး လိုအပ်တဲ့အခန်းကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက် ပေးကြဖို့လည်း KACC က ကြေညာချက်ထဲမှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပေမယ့်လည်း ပလက်ဝမြို့နယ်နဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်က ကျောက်တော်မြို့နယ် အပါအဝင် မြို့နယ်အတော်များများမှာတော့ ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်ခဲ့ပါဘူး။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)