ခွန်တန်ကို တိုင်ကြားထားသူတွေ မွန်လွှတ်တော်ကော်မတီ စစ်ဆေး


2017.11.07
khuntan-622.jpg အလံတစ်ရာဆရာတော် ဝင်စားတယ်ဆိုတဲ့ ခွန်တန် ကို တွေ့ရစဉ်
.

မွန်ပြည်နယ်၊ သထုံမြို့နယ် အလံတစ်ရာနယ်မြေက ခွန်တန်ဆိုသူဟာ မိန်းကလေးငယ်တွေကို မိဘတွေ သဘော မတူဘဲ ပေါင်းသင်းတယ်ဆိုပြီး မွန်ပြည်နယ်လွှတ်တော် ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်ရေးကော်မတီထံ တိုင်ကြားထားတဲ့ကိစ္စကို မနေ့က ကော်မတီတာဝန်ရှိသူတွေက ကြားနာစစ်ဆေးခဲ့ပါတယ်။

တိုင်တဲ့သူတွေကို ခေါ်ယူစစ်ဆေးကြားနာခဲ့တာဖြစ်ပြီး ကွင်းဆင်းသင့်ရင် ကွင်းဆင်းစစ်ဆေးသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်ရေးကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့ က ပြောပါတယ်။

"တိုင်ကြားထားတာကတော့ ၃ ယောက်ပဲ၊ အုပ်ချုပ်ရေးမှူးကို တိုင်တာတစ်ယောက်၊ ခွန်တန်ကိုတိုင်တာ ၂ ယောက်၊ တိုင်စာမှာပါတာကတော့ သူ့သမီးတွေကို မိဘသဘောမတူဘဲနဲ့ ပေါင်းသင်းတယ်ဆိုတဲ့ ကိစ္စနဲ့ တိုင်တာ၊ အုပ်ချုပ်ရေးမှူးကို တိုင်တဲ့ကိစ္စက မုဒိမ်းမှုတွေကို ငွေနဲ့ညှိဖို့ ကြိုးစားတဲ့အတွက်ကြောင့် တိုင်တာ၊  တိုင်ကြားထားတဲ့တိုင်စာအပေါ်မှာ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ကနေပြီးတော့ တိုင်တဲ့သူတွေကို တိုင်တဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ခေါ်ယူစစ်ဆေးကြားနာ တာဖြစ်တယ်၊ ကွင်းဆင်းသင့်ရင် ကွင်းဆင်းမယ်၊ လေ့လာသုံးသပ်အကြံပြုချက်တွေနဲ့အတူ လွှတ်တော် ဥက္ကဌကနေတဆင့် သက်ဆိုင်ရာဌာနတွေကို ပေးပို့သွားမှာ ဖြစ်တယ်။"

သထုံမြို့နယ် အလံတစ်ရာ သာသနာ့နယ်မြေမှာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ အလံတစ်ရာ ဆရာတော် ဘုရားကြီး ဝင်စားတယ်ဆိုတဲ့ ခွန်တန်ဆိုသူကို ဒေသခံ မိဘတချို့က သမီးတွေနဲ့ သဘောတူပေးစားတာမျိုးတွေတောင် ရှိနေတယ်လို့ သိရပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့လက သတင်းထောက်တွေကို ဖြေကြားထား ပါတယ်။

ခွန်တန်နဲ့ အပေါင်းအပါတွေကို လူခိုးမှု၊ အတင်းအဓမ္မ ပါင်းသင်းရန်ခိုးယူမှုတွေနဲ့ သထုံမြို့မရဲစခန်းမှာ ပြီးခဲ့ တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကတည်းက အမှုဖွင့်ထားပေမယ့် ဖမ်းဆီးထားနိုင်ခြင်း မရှိသေးဘူးလိ့ု ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။